အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                   အောက်တိုဘာလ ၃၀။

 ပြည်ပနိုင်ငံများရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် မှန်ကန်စွာဝင်ရောက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို အလုပ် သမားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ဒုတိယဝန်ကြီး ဦးမျိုးအောင် ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ Authorized Dealer-AD လိုင်စင်ရပုဂ္ဂလိက ဘဏ်များ၊ Remittance Business License-RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီးက ပြည်ပနိုင်ငံများသို့ တရားဝင် သွားရောက် လုပ်ကိုင်နေကြသည့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီ စောင့်ရှောက်ရေး၊ ပြည်ပရောက် မြန်မာလုပ်သမားများမှ ၎င်းတို့၏ မိသားစုထံသို့ လွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ မှန်ကန်စွာဝင်ရောက်နိုင်မည့် စနစ်တစ်ခုတည်ဆောက်နိုင်ရေး အလေး ထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာလုပ်သားများ၏ လွှဲပို့ငွေများသည် မိသားစုဝင်များ၏ နေ့စဉ်စားဝတ်နေရေး အတွက်သာမက ကျန်းမာရေး၊ ပညာရေးနှင့် အနာဂတ်အတွက် စုဆောင်း ရင်းနှီးမြှုပ်နှံမှုများတွင် အရေးပါမှာဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် များစွာအထောက်အကူဖြစ်စေပါကြောင်း၊ လုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို မိမိ ဆန္ဒအလျောက် တရားဝင်ဘဏ်လမ်းကြောင်းများမှတစ်ဆင့်  စနစ်တကျလွှဲပို့နိုင်ရေး အခြားနိုင်ငံ များတွင်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity-CI)ထုတ်ပေးရေးစခန်း (၅) ခုကို ၁၄-၁၀-၂၀၂၆ ရက်နေ့မှစတင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး  CI စာအုပ်လာရောက် လျှောက်ထားသည့် အလုပ်သမားများ၏ အနည်းဆုံးဝင်ငွေခွန် ၁ နှစ်စာနှင့် မိသားစုလွှဲပို့ငွေ ၃ လစာ လွှဲပို့ထားသည့် အထောက်အထားများကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ CI လာရောက်ပြုလုပ်သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို True Money၊ 2C2P Wave၊ K+Bank၊ Karsikorn Bank၊ Dee Money အစရှိသည့် ငွေလွှဲလုပ်ငန်းများမှ လွှဲပို့ထားသည်ကို တွေ့ရှိရပြီး  ငွေလွှဲ အထောက်အထားများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့၍ သက်ဆိုင်ရာဌာနမှ ဆက်လက်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ A.D လိုင်စင်ရဘဏ်များနှင့် RBL လိုင်စင်ရငွေလွှဲလုပ်ငန်းများအနေဖြင့် မိမိတို့နှင့်ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်ပငွေလွှဲ လုပ်ငန်းများအပေါ်  အမျိုးသားအကျိုးစီးပွားအဖြစ် အလေးထား၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ဆွေးနွေး ပြောကြားခဲ့သည်။

          ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ပြည်ပရောက်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများမှ မိသားစုလွှဲပို့ငွေများကို တရားဝင်ဘဏ်စနစ်များမှတစ်ဆင့် ပြန်လည်လွှဲပို့ပေးနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ရွှေ့ပြောင်းအလုပ် သမားများသည် နိုင်ငံတော်အတွက် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်သည့် ရွှေ့ပြောင်း လုပ်သားများနှင့် ၎င်းတို့၏ မိသားစုများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်၊ ဂုဏ်သိက္ခာရှိသော ရွှေ့ပြောင်းသွားလာမှု ဖြစ်စေရန်၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီ စောင့်ရှောက်ရေး နှင့် မိသားစု လွှဲပို့ငွေများ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှတစ်ဆင့် စနစ်တကျ ဝင်ရောက်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းဆွေးနွေး ခဲ့ကြောင်း သတင်း ရရှိသည်။