ရန်ကုန် နိုဝင်ဘာ ၂
အလုပ်သမားဝန်ကြီးဌာနမှ “လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ” ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်း ရှင်းစင်တာ(MCC) ၌ ကျင်းပပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် ဦးကိုကိုလှိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒါရိုက်တာအဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် (အငြိမ်းစား) ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(CTUM) တို့မှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်များမှ အလုပ်ရှင်များ၊ မန်နေ ဂျာများနှင့် အလုပ်သမားအဖွဲ့အစည်းတို့မှ အဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရေး မျှော်မှန်းချက်နှင့်အညီ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့အတွက် အာမခံအလုပ်သမားများ၏ လူမှုအကာအကွယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်သည့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်မှန်းချက် တစ်ရပ် အနေဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ် သမားများ၏ လူမှုဘဝလုံခြုံရေးနှင့် လူမှုကာကွယ်စောင့်ရှောက်မှုများ ရရှိနိုင်ရေးအတွက် ၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေနှင့်အညီ ၁၉၅၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အာမခံအလုပ်သမားများအား ပိုမိုထိရောက်သော အကျိုးခံစားခွင့်များ ပေးနိုင်ရေးအတွက် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတကာလူမှုဖူလုံရေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ကျင့်သုံးနေသည့် ကောင်းမွန် သော စီမံအုပ်ချုပ်မှု (Good Governance) ၏ အင်္ဂါရပ် (၅) ရပ် နှင့်အညီ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းများကို ဆောင်ရွက်နိုင်စေရန်၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ အမြဲဖွံ့ဖြိုးတိုးတက် စေရန်နှင့် ခေတ်မီနည်းပညာများအသုံးပြု၍ ဝန်ဆောင်မှုတွေပေးနိုင်ရန် အစဉ်အားထုတ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင် အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁.၃) သန်းကျော် ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များရရှိစေရေး မြို့နယ်ပေါင်း (၁၃၆) မြို့နယ် တွင် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ မြို့နယ်ရုံး (၈၀) ရုံး၊ မြို့နယ်ဆေးခန်းပေါင်း (၅၈) ခန်း၊ ဌာနကြီးဆေးခန်း (၄၆) ခန်း၊ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၇၁) ခန်း၊ တိုင်းရင်းဆေးကုခန်း (၁) ခန်း၊ သားဖွားခန်း (၈) ခန်း တို့အပြင် ရွေ့လျားဆေးကုသယာဉ် (၄) စီး တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊
ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေရေး ဝန်ဆောင်မှုပေးသူ နှင့် ဝန်ဆောင်မှုရယူသူအကြား ခွဲခြားလုပ်ကိုင်မှုစနစ် (Provider Purchaser Split – PPS)အရ Fee for Service Payment ဖြင့် လက်ရှိတွင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ပေးလျက်ရှိပြီး အာမခံအလုပ်သမားများပြားသည့် တိုင်းဒေသကြီးများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန်အတွက် အလုပ်သမားဆေးရုံကြီးများအား ဖွင့်လှစ်နိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူမှုဖူလုံရေးငွေကြေး အကျိုးခံစားခွင့်များ၊ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ ပြင်ပဆေးရုံ၊ ဆေးခန်း များ၌ ဆေးကုသရာတွင် စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများအား အမြန်ဆုံး စိစစ်ခွင့်ပြုပြီး ပြန်လည်ပေးအမ်းလျက်ရှိကြောင်း၊
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေအရ အာမခံစနစ် (၆) မျိုးကို ပြဋ္ဌာန်းထားပြီး လက်ရှိတွင် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်၊ မိသားစုထောက်ပံ့မှုအာမခံစနစ်နှင့် အလုပ် တွင် ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ် အပါအဝင် အာမခံစနစ်(၃) မျိုးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး အခြားလူမှုဖူလုံရေးစနစ်၌ ပြဋ္ဌာန်းထားသည့် အိမ်ရာစီမံကိန်း ထူထောင်ခြင်းကို အာမခံအလုပ်သမားများမှ သင့်တင့်သည့် နေထိုင်မှုအဆင့်အတန်းရရှိစေရေး၊ စိတ်အေးချမ်းသာစွာနှင့် အလုပ်တာဝန်ထမ်းဆောင်နိုင်ရေး၊ ကုန်ထုတ်လုပ်မှုစွမ်းအား တိုးတက် ရေးတို့အတွက် ဆက်လက်အကောင်အထည်ဖော်ရန် မျှော်မှန်းထားပါကြောင်းနှင့် အာမခံ အလုပ်သမားများမှ အရေးပေါ်ငွေကြေးလိုအပ်ချက်များ ကြုံတွေ့ရချိန်တွင် လူမှုဖူလုံရေးရန်ပုံငွေ မှ လူမှုဖူလုံရေးဥပဒေနှင့်အညီ စည်းကမ်းချက်များ သတ်မှတ်ပြီး သင့်လျော်သော အတိုးနှုန်းဖြင့် ငွေထုတ်ချေးနိုင်မည့် အစီအစဉ်များ၊ နည်းလမ်းများအတွက် လေ့လာဆန်းစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသူများမှလည်း ဝိုင်းဝန်း အကြုံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲတက်ရောက်လာသည့် ကိုယ်စားလှယ်တော်ကြီးများနှင့် အလုပ် ရှင်/အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ်များမှ အလုပ်ရှင်၊ အလုပ်သမားနှင့် လူမှုဖူလုံရေး အဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက ပိုမိုကောင်းမွန်သည့် လူမှုဖူလုံရေးအကျိုးခံစားခွင့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေး နိုင်ရေးအတွက် နည်းပညာပြောင်းလဲတိုးတက်မှုများကို အသုံးပြု၍ လုပ်ငန်းစဉ်များကို မြှင့်တင် ဆောင်ရွက်ခြင်းနှင့် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

