ရန်ကုန် အောက်တိုဘာ ၃၁
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)စက်မှုဇုန်ရှိ Shwe Thandar International Co.,ltd စားသောက်ကုန်စက်ရုံနှင့် Hitachi Soe Electric & Machinery Co.,ltd လျှပ်စစ်ပစ္စည်းစက်ရုံများသို့ သွားရောက်၍ အဆိုပါစက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်ရှင် နှင့် အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ တည်ဆဲအလုပ်သမား ရေးရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အကျိုး ခံစားခွင့်ဆိုင်ရာ ဆောင်ရွက်ပေးနေမှုများ၊ လုပ်သားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် သက်သာ ချောင်ချိရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ အငြင်းပွားမှု ညှိနှိုင်းဖြေရှင်းရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနေမှု အခြေအနေများအား မှာကြား၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နေမှု အခြေ အနေများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါစက်ရုံများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေးအဖွဲ့ပိုင် ရွေ့လျားဆေးကုသယာဉ်ဖြင့် အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့ဖြင့် စက်ရုံအရောက် ကွင်းဆင်းဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆေးကုသမှုကို အလုပ်သမားဆေးရုံကြီးများမှ အထွေထွေရောဂါ အထူးကုဆရာဝန်များ၊ သားဖွားမီးယပ်၊ အရိုး၊ မျက်စိနှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်များပါဝင်သော ဆေးကုသရေးအဖွဲ့ဖြင့် စက်ရုံ(၂)ရုံမှ အာမခံအလုပ်သမား (၄၅၀)ဦးတို့အား ဆေးကုသမှုဝန်ဆောင်မှုများ၊ ECG ဖြင့် နှလုံးစစ်ဆေးမှုများ၊ ဓာတ်ခွဲစစ်ဆေးမှု များ၊ ဆေးဝါးများနှင့် မျက်မှန်များကို ထောက်ပံ့ဆောင်ရွက်ပေးခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် မြို့နယ်ပေါင်း ၁၃၆ မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ၁.၃၇ သန်းခန့်၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရွေ့လျား ဆေးကုသယာဉ်(၄)စီးဖြင့် ခရီးစဉ်များ ရေးဆွဲ၍ စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်း ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိရာ ၄/၂၀၂၆ လ မှ ၉/၂၀၂၆ လအထိ ရန်ကုန်တိုင်း ဒေသကြီး၌ အာမခံအလုပ်သမား(၃၂,၈၉၉)ဦး၊ မန္တလေးတိုင်းဒေသကြီး၌ အာမခံအလုပ်သမား (၁၆,၁၄၀) ဦး၊ နေပြည်တော်ကောင်စီနယ်မြေ၌ အာမခံအလုပ်သမား (၁၁,၆၀၃) ဦး၊ ၊ ပဲခူးတိုင်းဒေသကြီး၌ အာမခံအလုပ်သမား(၁၀,၇၈၇) ဦး၊စစ်ကိုင်းတိုင်းဒေသကြီး၌ အာမခံအလုပ်သမား (၁,၆၇၉) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၌ အာမခံအလုပ်သမား(၁၁,၀၉၉) ဦး တို့အား စက်ရုံ၊အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှုကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

