ရန်ကုန် နိုဝင်ဘာ ၁
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများလိုက် ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်)သို့သွားရောက်၍ ပြင်ပလူနာကုသမှု၊ ဆေးရုံတက်လူနာကုသမှုများ၊ နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့် စင်ဆေးကြောသည့်ဝန်ဆောင်မှု စတင်ဆောင်ရွက်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံတက်ရောက်နေသော အာမခံအလုပ်သမားလူနာများအား အလှူငွေများထောက်ပံ့ခဲ့သည်။
နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသောလူနာများ များပြားလာသည့်အတွက် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ရန် မလိုအပ်ကြောင်းနှင့် အလုပ်သမားဆေးရုံ(ထန်းတပင်) တွင် ကျောက်ကပ်သွေး သန့်စင်ခြင်းဝန်ဆောင်မှုကို လွယ်ကူစွာ ရယူခံစားနိုင်မည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ပြီး အာမခံအလုပ်သမား များအား ကျန်းမာရေးဝန်ဆောင်မှုပေးအပ်နေသည့် လူမှုဖူလုံရေး-စံရတနာဆေးရုံသို့ သွားရောက် ၍ ဆေးရုံ၏ ပြင်ပလူနာကုသမှုများ၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု၊ မီးဖွားဝန်ဆောင်မှုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန်ဝန်ဆောင်မှုများဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ပြီး ယခုကဲ့သို့ စာချုပ်ဆေးရုံ ဖွင့်လှစ်ပေးခြင်းဖြင့် အာမခံအလုပ်သမားများအတွက် တစ်နေရာ တည်းတွင် ဝန်ဆောင်မှုများအားလုံး ရရှိနိုင်ခြင်း၊ စိုက်ထုတ်ကုန်ကျရမှုမရှိဘဲ ဆေးရုံ၏ ဝန်ဆောင်မှုများအားရရှိသဖြင့် ကျန်းမာရေးကြောင့်ဖြစ်ပေါ်လာမည့် လူမှုဒုက္ခများကို လျော့ပါး သက်သာစေပြီး နိုင်ငံအတွက်လည်းများစွာအထောက် အကူပြုစေမည်ဖြစ်ပါသည်။
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း ၁၃၆ မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ၁.၃၇ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လက်ရှိအခြေအနေတွင် လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံကြီး (၃)ရုံ၊ မြို့နယ် လူမှုဖူလုံရေး ဆေးခန်း(၉၆)ခန်း၊ ဌာနကြီးဆေး ခန်း(၆၂) ခန်း၊ စာချုပ်ဆေးခန်း (၇၁) ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှုဆောင်ရွက်နေသော ဆေးခန်း (၈) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းတို့အပြင် ရွေ့လျားဆေးကုသယာဉ်(၄)စီးဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေး ကုသခြင်းကို ဆောင်ရွက်လျက်ရှိသည့်အပြင် အာမခံအလုပ်သမားများ၏ ရောဂါအခြေအနေအရ နိုင်ငံပိုင်ဆေးရုံကြီးများတွင်ပြသပြီး စိုက်ထုတ်ကုန်ကျခဲ့သော ဆေးဖိုးကုန်ကျစရိတ်များကိုစိစစ်၍ သတ်မှတ်ချက်များနှင့်အညီ ပေးအမ်းဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံး ဝင်အာမခံအလုပ်သမား (၁,၀၂၉,၅၆၃)ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီး ဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း(၅၂)ခန်း၊ မီးဖွားခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း(၅)ခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့် အကြိမ်ရေ(၆၉၇,၅၈၂) အတွက် ဆေးကုသမှုဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဆေးဖိုးတင်ပြတောင်းခံသည့်အကြိမ်ရေ(၂၂,၁၉၆) အတွက် ကျပ်သန်း(၂၄၆၂.၄၂၅) ပေးအမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

