ရန်ကုန် နိုဝင်ဘာ ၃
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ၃-၁၁-၂၀၂၆ ရက်နေ့၊ နံနက်(၉:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံစက်မှု ကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ် များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ ခုံသမာဓိကောင်စီဝင်များ၊ အောက်မြန်မာပြည်ရှိ တိုင်းဒေသ ကြီး နှင့် ပြည်နယ်များမှ ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှော ဖလှယ်ပွဲကို ခုံသမာဓိကောင်စီ၊ အောက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုံသမာဓိ အဖွဲ့ဝင်များနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ အချင်းချင်း အလုပ်သမားရေးရာအငြင်း ပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှုများကို ဖျန်ဖြေ၊ စစ်ဆေးဆုံးဖြတ်ခဲ့သည့် အတွေ့ အကြုံများကို မျှဝေဖလှယ်နိုင်ရန်နှင့် နောင်ဖြစ်ပွားလာမည့် အငြင်းပွားမှုများကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းနိုင်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်ပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အငြင်း ပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ် ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် မရှိမဖြစ် လိုအပ်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ ရေရှည်လည်ပတ်လုပ်ကိုင်နိုင်ရန်အတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်လုပ်သားအပြင် အလုပ်သမားရေးရာအငြင်းပွားမှုများ ကင်းဝေးပြီး အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများနှင့် အလုပ်ရှင်များအကြား လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းမှုရှိခြင်းမှာ အထူးလိုအပ်ပါကြောင်း၊ လုပ်ငန်းခွင်ပြဿနာများကို WCC တွင် ဆွေးနွေး ညှိနှိုင်းမှုပြုလုပ်ခြင်းဖြင့် အချိန်တိုအတွင်း ပြေလည်မှုရရှိခြင်းကြောင့် လုပ်ငန်းခွင်ငြိမ်းချမ်း သာယာခြင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီး အလုပ်သမားရေးရာအငြင်းပွားမှုများ လျော့နည်းစေမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက WCC တွင် ဆွေးနွေးညှိနှိုင်းမှုပြုလုပ်သော်လည်း ပြေလည်မှုမရရှိသည့် အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများအနေဖြင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားများ၏ လူမှု၊စီးပွားဘဝတိုးတက်စေရေးနှင့် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် သက်ဆိုင်ရာ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကဏ္ဍအလိုက် မျှတသော အလုပ်သမားရေးရာ မူဝါဒများ၊ အလုပ်ရှင်များ၏ စီမံခန့်ခွဲမှုစွမ်းရည်ရှိမှု၊ အလုပ်သမားများ၏ ကြိုးစားအားထုတ်မှုနှင့် အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များ၏ ဘက်လိုက်မှုကင်းပြီး မျှတ သော ဖျန်ဖြေ၊ ဆုံးဖြတ်ခြင်းစွမ်းရည်များ ပေါင်းစပ်ပြီး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြစေ လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးက အမှာစကားပြောကြားကာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများက အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မှတ်တမ်းဓါတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့်ကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေး အဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးက ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခြင်း၊ ခုံသမာဓိကောင်စီဝင်တစ်ဦးက အလုပ်သမားရေးရာအငြင်းပွားမှုများ စစ်ဆေး ဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စု (၄) စုဖွဲ့၍ အလုပ်သမားရေးရာအငြင်း ပွားမှုများကို တရားမျှတစွာ ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ခြင်း၊ အလုပ်သမားအဖွဲ့အစည်းများ ၏ အခန်းကဏ္ဍနှင့် ရေရှည်တည်တံ့သော လုပ်ငန်းခွင် ဆက်ဆံရေးတည်ဆောက်ခြင်း၊ လူမှုဖူ လုံရေးစနစ်နှင့် အာမခံချက်ရှိသော အကျိုးခံစားခွင့် စံနှုန်းများ၊ အလုပ်သမားဥပဒေပါ ရပိုင် ခွင့်များနှင့် ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်တစ်ရပ် ဖြစ်ပေါ်ရေး ခေါင်းစဉ်များအပေါ် အုပ်စု လိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားလှယ်များက ဆွေးနွေး ချက်များအပေါ် ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်အစုအဖွဲ့အားလုံးက ခေါင်းစဉ်အလိုက် အကြံပြု ဆွေးနွေးချက်များကို အကျိုးရလဒ်များထွက်ပေါ်သည်အထိ အပြန်အလှန်ရှင်းလင်း ဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့သည်။ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် နှစ်စဉ်ကျင်းပလျက် ရှိပြီး နှီးနှောဖလှယ်ပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ်မူတည်၍ အလုပ်ရှင်၊ အလုပ် သမားအငြင်းပွားမှု လျော့ပါးစေရေးအတွက် အသိပညာပေးခြင်း၊ အငြင်းပွားမှုဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားအငြင်းပွားမှုများ လျော့နည်း ကျဆင်းကာ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

