အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                         စက်တင်ဘာ ၂၅

ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (Cutting, Making and Packing-CMP) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက် အမှာစကားပြော ကြားပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့်  စက်မှုနှင့်အသေးစား၊အငယ်စား၊အလတ်စား နှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အဖွဲ့ဝင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံအတွင်းရှိ နိုင်ငံခြားကုမ္ပဏီများ၊ တိုင်းရင်းသား ကုမ္ပဏီများ နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ ဆောင်ရွက်နေသည့် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစား လုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရေး၊ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ စနစ်တကျဖြင့် လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရေး စစ်ဆေး ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် ရည်ရွယ်ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊

CMP လုပ်ငန်းများသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့် နိုင်ငံတော်၏ ဝင်ငွေကို ရှာပေးသည့်နေရာ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ခေတ်အဆက်ဆက် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့များနှင့် ကာယကံရှင်များမှ အားသွန်ခွန်စိုက်ကြိုးပမ်းခဲ့ပါကြောင်း၊ ယနေ့အချိန်တွင် CMP လုပ်ငန်းများ ပမာဏများပြားလာပြီး အလုပ်အကိုင်အခွင့်အလမ်း များစွာရှာဖွေပေးနေသော လုပ်ငန်းဖြစ်၍ ကော်မတီအနေဖြင့် CMP လုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေအတွက်သာမက အရည် အသွေး၊ အရည်အချင်းပါတိုးတက်စေရန်၊ အလုပ်သမားများ အကျိုးစီးပွားဖြစ်ထွန်းရန် နှင့် လာရောက် ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားသားများသာမက ပြည်တွင်းလုပ်ငန်းရှင်များပါ အကျိုး စီးပွားဖြစ်ထွန်းရန်၊ လုပ်ငန်းများ ချောမွေ့ရန် အဓိကတာဝန်ရှိပါကြောင်း၊ CMP လုပ်ငန်းနှင့် အဓိကသက်ဆိုင်သည့် Skills Labour များ အများဆုံး မွေးထုတ်ပေးနိုင်ရန် ဝန်ကြီးဌာနမှ တာဝန်ရှိသလို သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် ပေါင်းစပ်၍ နိုင်ငံတော်အဆင့်တွင်သာမက အာဆီယံအဆင့်တွင်ပါ Skill Standard ရရှိအောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊  CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီအတွက် သာမက CMP လုပ်ငန်းများနှင့် သက်ဆိုင်သည့် အလုပ်ရှင်၊ အလုပ်သမားကိစ္စများ၊ လုပ်ငန်းခွင် အေးချမ်းသာယာရေးကိစ္စများနှင့်ပတ်သက်ပြီး သုံးပွင့်ဆိုင် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် မြေပြင်ကွင်းဆင်းစစ်ဆေးမှုအရ လည်းကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအား ဆက်သွယ်မေးမြန်းမှုအရ လည်းကောင်း လုပ်ငန်းပိုင်ရှင်များမှ တင်ပြမှုများအပေါ် စီးပွားရေး လုပ်ငန်းများကို မလိုအပ်ဘဲ ကြန့်ကြာအောင် ဆောင်ရွက်သည့်ကိစ္စရပ်များ၊ လုပ်ထုံးလုပ်နည်း များအရ ကြန့်ကြာမှုများရှိပါက အဆင်ပြေချောမွေ့စေရေး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအပေါ် မူဝါဒနှင့်အညီ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုမြန်ဆန်စေရေး ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ CMP လုပ်ငန်းများစစ်ဆေးရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ CMP လုပ်ခနှင့် အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် CMP သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ ကြီးကြပ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဆပ်ကော်မတီအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေးနွေးခဲ့မှုများအပေါ် ကုန်ကြမ်းယူ၊ ကုန်ချောပေး လက်ခစားလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။