အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                   နိုဝင်ဘာ ၁၇           အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းတွင်  ရန်ကင်း မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဆိုလာတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

            ဒုတိယဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (၇) ကျောင်းကို တည်ထောင်ဖွင့်လှစ်ထားပြီး လုပ်သားဈေးကွက်လိုအပ်ချက်နှင့်ကိုက်ညီသော အသက်မွေးဝမ်း ကျောင်းဆိုင်ရာကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊

          နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရန် ခက်ခဲသော ဝေးလံခေါင်ဖျားဒေသများအထိ စွမ်းအင်ရရှိစေရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ဆိုလာစွမ်းအင် တည်ဆောက်ရေးစီမံကိန်းများကို တိုးမြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆိုလာစွမ်းအင်ဆိုင်ရာနည်းပညာများ ပိုမို ကျယ်ပြန့်စွာနှင့် ထိရောက်စွာ အသုံးချနိုင်ရန်၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိသည့် ကျွမ်းကျင်လုပ်သားများ အမြောက်အမြားမွေးထုတ်ပေးရန်နှင့်  ဆိုလာစနစ် များ ဒီဇိုင်းရေးဆွဲ၍ စနစ်တကျ တပ်ဆင်နိုင်ရေး၊ ရေရှည်ထိန်းသိမ်းပြုပြင်နိုင်ရေးတို့အတွက် ဆိုလာတပ်ဆင်ခြင်း သင်တန်းကို ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသားလူငယ်များအနေဖြင့် နည်းပြဆရာ များ သင်ကြားပို့ချသည့်  လုပ်ငန်းဆိုင်ရာ စာတွေ့အသိပညာ ဗဟုသုတများနှင့် လက်တွေ့ ကျွမ်းကျင်မှုများကို စနစ်တကျလေ့လာဆောင်ရွက်ကြရန်နှင့် သင်တန်းပြီးမြောက်သွားချိန်တွင် သက်ဆိုင်ရာလုပ်ငန်းခွင်များ၌ ပြန်လည်အသုံးချ လုပ်ကိုင်ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားခဲ့သည်။

          အဆိုပါသင်တန်းကို ၁၆-၁၁-၂၀၂၆ ရက်နေ့မှ ၁-၁၂-၂၀၂၆ ရက်နေ့အထိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ သင်တန်းသား (၃၂) ဦးဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိ သည်။

          ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးအောင်သည် HRD Korea အဖွဲ့နှင့်တွေ့ဆုံ၍ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ် များ၊ EPS စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅% ကို တရားဝင် လမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုများထံ တရားဝင်လွှဲပို့နိုင်ရေး အစီအစဉ်များ နှင့်ပတ်သက်ပြီး နိုင်ငံတော်၏ မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်ရေး တွေ့ဆုံမှာကြားခဲ့ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးသည် NSSA ၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွင်း လုပ်သား (၂၅၀၀) ဦးအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း လျာထားဆောင်ရွက်မှု အပေါ် လျာထားချက်ပြည့်မီစေရေးအတွက် NSSA လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေးသို့ NSSA အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများမှ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။

          ဒုတိယဝန်ကြီးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဖြေဆိုသူ (၂၅၀၀) ဦး စစ်ဆေးအကဲဖြတ် နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ အလုပ်အကိုင် (၁၉) မျိုး အတွက် ဖြေဆိုသူ (၁၅၁၉) ဦးအား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်နိုင်ခဲ့ပြီး အရည်အချင်းပြည့်မီသူ (၁၄၉၀) ဦးကို အသိအမှတ်ပြုပေးနိုင်ခဲ့ကြောင်း၊ စစ်ဆေးအကဲဖြတ်ရေးလုပ်ငန်းစဉ်တွင် အဓိကပါဝင်ဆောင်ရွက်နေသည့် စစ်ဆေးအကဲဖြတ်သူ (Assessor) များ၏ အသိအမှတ်ပြု လက်မှတ် သတ်တမ်းကာလ (၂) နှစ်သတ်မှတ်ထားမှုအပေါ် သက်ဆိုင်ရာ အလုပ်အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီများမှ Assessor အဖြစ် ပြန်လည်လျှောက်ထားလာသူများကို စုစည်းတင်ပြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

          အစည်းအဝေးတက်ရောက်လာသူများမှ NSSA ၏ လုပ်ငန်းများ အရည်အသွေးအာမခံ ချက်ရှိစွာဆောင်ရွက်နိုင်ရေး၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သက်ဆိုင်ရာအလုပ်အကိုင် ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီအလိုက် လျာထားချက်ပြည့်မီအောင် စစ်ဆေးအကဲဖြတ် နိုင်ရေး၊ စစ်ဆေး အကဲဖြတ်သူ (Assessor) များ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းစဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်နိုင်ရေး တင်ပြဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပညာရေးတစ်ပိုင်းတစ်စဖြင့် လုပ်ငန်းခွင်ရောက်ရှိ လုပ်ကိုင်နေသူများနှင့် အတန်းပညာ မပြည့်စုံသူများအတွက် အသိပညာ၊ အတတ်ပညာများရရှိပြီး သင့်တော်ကောင်းမွန် သည့် အလုပ်အကိုင်ရရှိစေရေးဖိုရမ် အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာလုပ်ငန်းကော်မတီ တာဝန်ရှိသူများမှ ဖိုရမ်အတွက် ကော်မတီအလိုက် ခန့်မှန်းကုန်ကျငွေ၊ လက်ရှိဘဏ္ဍာငွေကောက်ခံရရှိမှုအခြေအနေ၊ ပြိုင်ပွဲ/ ပြပွဲများ အတွက် ခန့်မှန်းကုန်ကျစရိတ်များနှင့် ဖိုရမ်အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများအား ဆွေးနွေး ညှိနှိုင်းတင်ပြခဲ့ကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။