အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              ၁၆-၁၁-၂၀၂၆

          မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato’ Sri Ramanan Ramakrishnan ၏ ဖိတ်ကြားချက်အရ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်(၁)ဦး အပါအဝင် မြန်မာ ကိုယ်စားလှယ်အဖွဲ့ (၆) ဦးတို့သည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်မှ ၁၅ ရက်အထိ မလေးရှား နိုင်ငံသို့  အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့ကြသည်။

          အဆိုပါခရီးစဉ်အတွင်း ၁၂-၁၁-၂၀၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဘန်ဂီမြို့ရှိ လုံခြုံ ဆိုင်ရာစာရွက်စာတမ်းများ ပုံနှိပ်ထုတ်ပေးခြင်း ဆောင်ရွက်လျက်ရှိသော Percetakan Kesematan Nisonal (PKN) Bangi ကုမ္ပဏီသို့ လည်းကောင်း၊ ဆလန်ဂေါပြည်နယ်၊ ရှားအာလမ် မြို့ရှိ နိုင်ငံတကာအသိအမှတ်ပြု လိုင်စင်ရရှိထားသော (Tier IV) အဆင့်ရှိ Data Center လုပ်ငန်း များဆောင်ရွက်လျက်ရှိသော Heitech Bardu Barhad ကုမ္ပဏီသို့ လည်းကောင်း သွားရောက် လေ့လာခဲ့သည်။

          ၁၃-၁၁-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် Seaview Hectare Sdn Bhd ကုမ္ပဏီရှိ မည်သူ မည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (C of I)  ထုတ်ပေးနေမှုအခြေအနေများကို သွားရောက် လေ့လာကြည့်ရှုခဲ့သည်။ မွန်းလွဲပိုင်းတွင် ပူထရာဂျာယာမြို့ရှိ လူမှုဖူလုံရေးရုံး(PERKESO)၊ အစည်းအဝေးခန်းမ၌ မလေးရှားနိုင်ငံ၊ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး H.E. Dato’ Sri Ramanan Ramakrishnan နှင့်တွေ့ဆုံတွင် ပြည်ထောင်စုဝန်ကြီးက မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားနှင့် မိသားစုဝင်ဦးရေမှတ်တမ်းအရ ၁၆၀,၀၀၀ ကျော် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိပါကြောင်း၊ ၎င်းတို့၏ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေး နှင့် အကာ အကွယ်များ ရရှိရေး၊ လူမှုဖူလုံရေးနှင့်စောင့်ရှောက်မှုများ ပိုမိုကောင်းမွန် လာစေရေးတို့အတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊ အလုပ်သမားများ တရားဝင်လမ်းကြောင်း မှတစ်ဆင့်စနစ်တကျ လာရောက်လုပ်ကိုင်ရန်၊ ခေါင်းပုံဖြတ်ခံရမှုများမှ ကာကွယ်သွားရန်၊ ဗီဇာနှင့် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာကိစ္စရပ်များ ချောမွေ့စေရန် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MoU) ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေး ဆွေးနွေးလိုပါကြောင်း၊ မလေးရှားနိုင်ငံသို့ ရောက်ရှိ လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများ၏ လုပ်အားနှင့် ကျွမ်းကျင်မှုများသည် နှစ်နိုင်ငံ စလုံး၏ စီးပွားရေးနှင့်ချစ်ကြည်ရင်းနှီးမှုအတွက်များစွာအဓိကကျပြီး မလေးရှားအစိုးရ၏ ကူညီ စောင့်ရှောက်မှုကိုလည်း များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေ ကြသော အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity – CI) ထုတ်ပေးခြင်းဖြင့် အထောက်အထား ပြည့်စုံသော တရားဝင် ရွှေ့ပြောင်းလုပ်သားများအဖြစ်သို့ မှတ်ပုံတင်ကူးပြောင်းနိုင်ရေးအတွက် မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ပူးပေါင်း၍ ပြန်လည်ဆောင်ရွက်နိုင်ရေး နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ယခင်ဆောင်ရွက်ခဲ့သည့် လူဦးရေ ၁၀၀,၀၀၀ ကျော်ကို CI လက်မှတ်များထုတ်ပေးနိုင်ခဲ့သည့် အလားတူအစီအစဉ်ကို အမြန်ဆုံး ပြန်လည်စတင် အကောင်အထည်ဖော်နိုင်ရေး မလေးရှားနိုင်ငံ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၊ ဝန်ကြီး၏ အမြင်ကို မေးမြန်းခဲ့ရာ ၎င်း၏ ကိုယ်ပိုင်အမြင်အရ လွန်စွာကောင်းမွန်သည့် အစီအစဉ်တစ်ရပ် ဖြစ်သည်ဟု ပွင့်ပွင့်လင်းလင်း ဖြေကြားလိုကြောင်း၊ ဤလုပ်ငန်းစဉ်ကို လက်တွေ့အကောင် အထည်မဖော်မီ လုံခြုံရေးနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးဆက်များကို ထည့်သွင်း စဉ်းစားရပါကြောင်း၊ အဆိုပါ အစီအစဉ်သည် လွတ်ငြိမ်းချမ်းသာခွင့် (Amnesty) ပေးသည့် သဘောမျိုး ယူဆလာနိုင်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန တို့ကိုပါ ချိတ်ဆက်၍ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ နှင့် မူဝါဒပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များ ကို အဓိကတာဝန်ယူ ဆောင်ရွက်နေကြောင်း၊ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ် သမားများ တရားဝင် ဖြစ်စေရေး ဆောင်ရွက်ပေးပါက ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ မလေးရှားနိုင်ငံတွင် ရောက်ရှိ လုပ်ကိုင်နေကြသော ၎င်းတို့နိုင်ငံသား အထောက်အထား မဲ့လုပ်သားများကိုလည်း မြန်မာလုပ်သားများနည်းတူ ဆောင်ရွက်ပေးရန် တောင်းဆိုလာနိုင်ကြ သည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ ဆက်လက်၍ ရွှေ့ပြောင်း လုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ရန်၊ သင့်တင့်ကောင်းမွန်သော အလုပ်အကိုင်နှင့် လုပ်အားခအပြည့်အဝရရှိစေရန် အတွက် စီမံခန့်ခွဲခြင်း၊ စောင့်ကြည့်ခြေရာခံခြင်း၊ အလုပ်သမား ဥပဒေနှင့်အညီ ကာကွယ်စောင့် ရှောက်ခြင်းနှင့် နိုင်ငံဖြတ်ကျော်ကိစ္စရပ်များတွင် ပိုမိုစနစ်တကျ ဖြစ်စေရန် မလေးရှားနိုင်ငံ၊ ရွှေ့ပြောင်းလုပ်သားများ စီမံခန့်ခွဲရေးဗဟိုမှ ဆောင်ရွက်မည့်စနစ် (Foreign Workers Centralized Management System-FWCMS)ဖြင့် ဆောင်ရွက်မည့် အေဂျင်စီအရေအတွက်များ တိုးမြှင့် သတ်မှတ်ရေး၊ မလေးရှားနိုင်ငံ၏ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်နှင့်အညီ လုပ်ခလစာ ရရှိစေရေး၊ မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသော တရားမဝင်အလုပ်သမားများကို ခန့်ထားသည့် အလုပ်ရှင်များကို စုံစမ်းဖော်ထုတ်၍ တိတိကျကျ စစ်ဆေးအရေးယူ ဆောင်ရွက်ပေးရန်နှင့် တရားဝင်လုပ်သားများ အဆင့်သို့ အမြန်ဆုံး ရောက်ရှိ စေရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

          ၁၄-၁၁-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆလန်ဂေါပြည်နယ်၊ ဘန်ဂီမြို့ရှိ မြန်မာအလုပ် သမား ၄၂၅ ဦးခန့် အလုပ်လုပ်ကိုင်နေကြသော SONY EMCS (Malaysia) Sdn. Bhd. စက်ရုံသို့ သွားရောက်ခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့်တွေ့ဆုံရာတွင် လုပ်သားများမှ မိမိတို့၏ မိသားစုများထံ ငွေလွှဲပို့ရာတွင် ယုံကြည်စိတ်ချရသော တရားဝင်ငွေလွှဲလမ်းကြောင်းများကို အသုံးပြုကြရန်နှင့် တရားဝင်လွှဲပို့ခြင်းကသာ မိသားစုများထံ လုံခြုံစိတ်ချစွာရောက်ရှိစေနိုင်ပြီး နိုင်ငံတော်အတွက်လည်း တရားဝင် နိုင်ငံခြားဝင်ငွေ စီးဆင်းစေရန် အထောက်အကူပြုကြောင်း၊ ပြည်ပရောက် မြန်မာအလုပ်သမားများ အချင်းချင်း ကူညီစောင့်ရှောက်ကြရန်၊ မိမိတို့နိုင်ငံ၏ ပုံရိပ်နှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊ စည်းလုံးညီညွတ်ကြရန်၊ စည်းကမ်းတကျ သင့်မြတ်စွာ နေထိုင်လုပ်ကိုင်ကြရန်နှင့် အဆင်မပြေမှုများ၊ အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရပါက အလုပ် သမားသံအရာရှိများကို ဆက်သွယ်အကူအညီ တောင်းခံကြရန် တိုက်တွန်းအားပေးစကား ပြော ကြားခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှုစနစ်(FWCMS) ဆောင်ရွက်လျက်ရှိသည့် Bestinet Sdn Bhd Co.,Ltd ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအား တရားဝင်အထောက်အထားထုတ်ပေးနိုင်ရေး ဆွေးနွေးမှုအခြေ အနေများ၊ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် လွှဲပို့နိုင်ရေး ဆောင်ရွက်ပေး နိုင်မှုအခြေအနေများ၊ FWCMS စနစ်တွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ အရေအတွက် တိုးမြှင့်ပေးနိုင်ရေးအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ကွာလာလမ်ပူမြို့ရှိ MARCHANTRADE Sdn. Bhd. သို့ သွားရောက်ခဲ့ပြီး မလေးရှား အလုပ်ရှင်များမှ ရွှေ့ပြောင်းအလုပ်သမားများ၏ လစာကို ၎င်းတို့ကုမ္ပဏီ၏ Digital Wallet မှတစ်ဆင့် လစာ ပေးချေနိုင်ရေး ဝန်ဆောင်မှုများ၊ ငွေလွှဲဝန်ဆောင်မှုများ၊ ဈေးကွက် အခြေ အနေနှင့် လုပ်ငန်းဆောင်ရွက်မှုများကို လေ့လာခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Ria Money Transfer Sdn Bhd မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရွှေ့ပြောင်းအလုပ်သမားများ အတွက် Ria Wallet နှင့် Prepaid Card များ စီစဉ်ပေးထားမှုနှင့် မြန်မာအလုပ်သမားများ၏ ငွေလွှဲပို့မှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်နိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးခဲ့ကြ သည်။

၁၅-၁၁-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ IBH Investment Bank Limited သို့သွားရောက်၍ ကုမ္ပဏီများပူးပေါင်းခြင်းနှင့် ဝယ်ယူခြင်း (M&A)၊ အရင်းအနှီး ရှာဖွေ ပေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်ပေးခြင်း (Corporate Finance & Advisory)၊ နိုင်ငံ တကာမှ ငွေကြေးချမ်းသာသူများ (High-Net-Worth Individuals)နှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲပေးခြင်း၊ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေများ (Funds) တည်ထောင်ပေးခြင်း (Asset & Wealth Management)နှင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုနှင့် စီမံကိန်းများအတွက် ချေးငွေနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း(Cross-Border Financing) တို့ကို သွား ရောက်လေ့လာခဲ့ပြီး မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ မလေးရှားနိုင်ငံသို့ အလုပ်သဘောခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အလုပ် သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ မြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှသာစေလွှတ်နိုင်ရေးနှင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးနိုင်ရေးအပါအဝင် မလေးရှား နိုင်ငံမှ အလုပ်ရှင်များကို မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အထောက်အထားမဲ့ အလုပ် သမားများအား လက်ခံခန့်အပ်ခြင်းမရှိစေရေး အလေးထားစိစစ်ကြပ်မတ်ပေးရန်တို့ကို သက်ဆိုင် ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပါသည်။ ထို့ပြင် မလေးရှားနိုင်ငံတွင် ရောက်ရှိ အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားအများစုတို့၏ လုပ်ငန်းခွင်အခြေအနေများ၊ အလုပ် သမားများ အသုံးပြုလျက်ရှိသည့် တရားဝင်ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများနှင့် တရား မဝင် ငွေလွှဲ လမ်းကြောင်းများ၏ အခြေအနေများကို လေ့လာခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ် သမားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရေး၊ ၎င်းတို့၏ မိသားစုများထံ လုံခြုံ စိတ်ချရသည့် တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ငွေလွှဲပို့နိုင်ရေးနှင့် ပြည်တွင်းသို့ နိုင်ငံခြားဝင်ငွေ တရားဝင်စီးဆင်းမှုကို အထောက်အကူပြုနိုင်ရေးအတွက် အရေး ပါသည့် အလုပ်သဘောခရီးစဉ်တစ်ရပ် ဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။