အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                              စက်တင်ဘာ ၂၆

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင်အေးချမ်း သာယာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးနှင့်ပတ်သက်၍ ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကနောင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မိတ်ဖက်ဝန်ကြီးဌာနများမှ တာဝန်ရှိသူ များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ချုပ်(UMFCCI)၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း(MGMA)တို့မှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့်မန်နေဂျာများ၊ရန်ကုန်မြို့ရှိ စက်မှုဇုန်အားလုံးမှ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(CTUM)၊ သွေးစည်းညီညွတ်သော အလုပ်သမားသမဂ္ဂ များအဖွဲ့ချုပ်(STUM)တို့မှ တာဝန်ရှိသူများနှင့် အလုပ်သမားကိုယ်စားလှယ်များ စုစုပေါင်း ၃၉၇ ဦး တက် ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံတော်၏ စီးပွားရေးမြို့တော် ဖြစ်၍ နိုင်ငံတစ်ဝန်း စက်မှုကုန်ထုတ်လုပ်မှု၏ ပင်မဗဟိုချက်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ခြင်းသည် တိုင်းပြည်၏ စီးပွားရေး လည်ပတ်မှု၊ ပြည်ပပို့ကုန်မှ နိုင်ငံခြားငွေရရှိမှုနှင့် စိုက်ပျိုးမွေးမြူမှုကဏ္ဍများ၏ ကုန်ကြမ်း ဈေးကွက်တည်ငြိမ်မှုတို့အတွက် လွန်စွာအရေးပါကြောင်း၊ အခြားဒေသများမှ လာရောက်၍ လုပ်ကိုင်ကြသည့် လုပ်သားများစွာ၏ မိသားစုစားဝတ်နေရေးနှင့် အလုပ်အကိုင်လုံခြုံရေး အတွက်ပါ တိုက်ရိုက်သက်ရောက်မှုရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ပုံမှန် လည်ပတ်နိုင်ရေးသည် မိမိတို့အားလုံး၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ စက်ရုံများ လည်ပတ်မှု မပြတ်တောက်စေရန် အစိုးရအနေဖြင့် ဦးစားပေးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းတည်မြဲရေးနှင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး အတွက် အလုပ်သမားဝန်ကြီးဌာနမှ မျက်ခြေမပြတ်စောင့်ကြည့် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အလုပ်ရှင်များမှလည်း အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တင်ပြချက်များကို အလေးထား ဖြေရှင်းပေးခြင်း၊ အလုပ်သမားများမှလည်း အမှာစာများ မဆုံးရှုံးရအောင် စက်ရုံ၏ စည်းကမ်း ချက်များကို လိုက်နာကာ လုပ်ငန်းခွင်အေးချမ်းသာယာရေးအတွက် တာဝန်သိစွာ ပူးပေါင်းဆောင် ရွက်ကြရန် လိုအပ်ပါကြောင်း၊

စက်ရုံများ အော်ဒါကျဆင်းပြီး ပိတ်သိမ်းစေရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်စေ ရေးတို့အတွက် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေသူများ၏ မဟုတ်မမှန်သတင်းများဖြင့် ဖြန့်ဝေ သွေးထိုးလှုံ့ဆော်မှုများကို သိရှိနားလည်ကြစေလိုကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး နှစ်ဖက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး အဖြေရှာပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းခွင်အေးချမ်းသာယာမှုကို ရေရှည် ထိန်းသိမ်း နိုင်မည် ဖြစ်ပါကြောင်း၊

ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမားနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေး ကြရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်း အကောင်းဆုံး ဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင် အေးချမ်းသာယာပြီး အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ်ရရှိစေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

          ဆက်လက်၍ တက်ရောက်လာကြသော အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံနေရ သည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကုန်ထုတ်စွမ်းအားတိုးတက်ရေးသည် အရေးကြီးကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးတက် အောင် ဆောင်ရွက်နေသော အလုပ်သမားများကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံထူထောင်ရေးအတွက် ပြည်တွင်းအင်အား ဖြင့် ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။