အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                               စက်တင်ဘာ ၂၄

          အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး အဆိုပါအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ အဖွဲ့ဝင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် Online မှ အလုပ်ရှင်/ အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် လူမှုကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို လူမှုဖူလုံရေးဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သက်တမ်းအားဖြင့် နှစ် (၇၀) ကျော်ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်း၍ အာမခံအလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက် မှုများ အလွယ်တကူလက်လှမ်းမှီရယူနိုင်ရန်နှင့် လူမှုဖူလုံရေးအကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီ ပေးအပ်နိုင်ရန် အဓိကထားဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိတွင် လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ်(၁၃၆) မြို့နယ်၌ အလုပ်ဌာန (၃၆,၈၉၉)ဌာနမှ အာမခံအလုပ်သမား (၁.၃၈) သန်း အကျုံးဝင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊

          ပြည်ပနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှုများ နှင့်စပ်လျဉ်းပြီး မလေးရှားနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (PERKESO) နှင့် MOC လက်မှတ်ရေးထိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးအဖွဲ့ (Social Security Office-SSO) နှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊

          လူမှုဖူလုံရေးအဖွဲ့ကို အာမခံအလုပ်သမားများ အားကိုးအားထားပြု ထိုက်သော ဌာနတစ်ခု ဖြစ်စေရန်နှင့် အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့် တစ်မျိုးသားလုံးအကျုံးဝင်သည့် စီမံကိန်းဖြစ်စေရန်အတွက် အိမ်နီးချင်း နိုင်ငံများတွင်ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် တင်ပြသည့်အမှာစာများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပြီး အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး နှင့် အဖွဲ့ဝင်များက သုံးသပ် ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက  လူမှုဖူလုံရေးစီမံကိန်းသည် အကျုံးဝင် အလုပ်ရှင်၊ အလုပ်သမားများ၏ လူမှုကာကွယ်စောင့်ရှောက်မှု လုပ်ငန်းစဉ်များအတွက် အကျိုးရှိသည့် အထောက်အပံ့ကောင်းများဖြစ်ပြီး ၎င်းတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုလည်း များစွာပံ့ပိုး ကူညီပေးမည်ဖြစ်ကြောင်းနှင့် သုံးပွင့်ဆိုင်ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ရရှိလာသည့်အပြု သဘော ဆောင်သည့် ဆွေးနွေးအကြံပြုချက်များသည် အာမခံအလုပ်သမားများအတွက် များစွာအရေးပါပြီး လူမှုဖူလုံရေးအဖွဲ့အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သဖြင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်အောင်ဆက်လက်ကြိုးစားလုပ်ဆောင်သွားရန်လိုကြောင်း မှာကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၂ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ကာ ၂-၁၀-၁၉၅၄ ရက်နေ့တွင် လူမှုဖူလုံရေးအက်ဥပဒေဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အစိုးရမှ     ၂၆-၄-၁၉၅၅ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး ဦးရာရှစ်အား ဥက္ကဋ္ဌ တာဝန်ပေးအပ်၍ အဖွဲ့ဝင် (၁၈)ဦးဖြင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၃၁-၈-၂၀၁၂ ရက်နေ့တွင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို ထုတ်ပြန်ကြေညာ၍ အာမခံအလုပ်သမားများကို ပိုမိုထိရောက် ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း (၇၂) ခန်းနှင့် သားဖွားခန်း (၈)ခန်း ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  စိုက်ထုတ်ကုန်ကျ ခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများအား အမြန်ဆုံးပြန်လည်ပေးအမ်းလျက်ရှိရာ လူမှုဖူလုံရေး ငွေကြေး အကျိုးခံစားခွင့်များအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ ငွေကျပ် (၁၂.၉၇) ဘီလီယံကျော်ကို ခွင့်ပြုထုတ်ပေးနိုင်ခဲ့သည်။

ထို့အပြင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့် ပညာ သင်ကြားနေသော သားသမီးများအတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစား ခွင့်အဖြစ် အာမခံအလုပ်သမား ၆၈,၃၇၉ ဦး၏ သား/သမီး(ကျောင်းသား/သူ) ၈၉,၉၆၇ ဦးအတွက် စုစုပေါင်းငွေကျပ်သန်း ၃,၅၈၃.၀၅၀ ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်းနှင့် မန္တလေးငလျင်‌‌ဘေးခံစားခဲ့ရသော အာမခံအလုပ်သမားများအား သဘာဝ‌ဘေးအန္တရာယ် ကျရာက်မှုဆိုင်ရာ မိသားစုထာက်ပံ့မှု အကျိုးခံစားခွင့်အဖြစ် အလုပ်ဌာန ၇,၁၆၃ ဌာနမှ အာမခံ အလုပ်သမား ၁၃၄,၂၈၃ ဦးအတွက် အကျိုး ခံစားခွင့်ငွေကျပ်သန်း ၁၀,၉၈၈.၇၅၉ ကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။