နေပြည်တော် စက်တင်ဘာ ၁၉
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ လူမှုဖူလုံရေးအကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများဖြစ်သည့် ပျဉ်းမနားသကြားစက်ရုံတာဝန်ရှိသူများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ အလုပ်သမားများ နှင့်တွေ့ဆုံရာ စက်ရုံတာဝန်ရှိသူများက စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်း ရေး၊ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ အပြည့်အဝရရှိနိုင်ရေး၊ အလုပ်သမားရပိုင်ခွင့် ရရှိရေး၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများဖြစ်ပေါ်လာပါက ဥပဒေနှင့်အညီ ညှိနှိုင်ဖြေရှင်းရေးကိစ္စ များကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ အလုပ်သမားများအကျိုးကို ထိထိရောက်ရောက်မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရန် စက်ရုံ အရောက်လာရောက်ပြီး အလုပ်သမားများကို ကိုယ်တိုင်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင် အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်လာသည်နှင့်အမျှ အလုပ်သမားများ၏ လူနေမှု ဘဝမြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အဆိုပါစက်ရုံရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ကျန်းမာစွာဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ရေး အတွက် အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များပါဝင်သော ရွေ့လျားဆေးကုသယာဉ် ဖြင့် လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုပြီး လာရောက်ဆေးကုသမှုခံယူကြသည့် အလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျဉ်းမနားမြို့ရှိ မိုးသီရိအထည်ချုပ်စက်ရုံသို့ သွားရောက်၍ စက်ရုံရှိအလုပ်သမားများကို ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် ဆေးကုသစောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လုပ်ငန်းခွင်ရှိ အလုပ်သမားများကို ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့သည်။ ဆက်လက်၍ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ကြသည်။
ကွင်းဆင်းဆေးကုသဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားသကြားစက်ရုံမှ အာမခံအလုပ်သမား (၃၀၈) ဦးနှင့် မိုးသီရိအထည်ချုပ်စက်ရုံရှိ အာမခံ အလုပ်သမား (၁၃၅) ဦးတို့အား လိုအပ်သောဆေးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ECG ဖြင့် နှလုံးစမ်းသပ်စစ်ဆေးမှုများနှင့် လိုအပ်သောဆေးဝါးများထောက်ပံ့ခြင်းဆောင်ရွက်ပေးခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေတွင် အကျုံးဝင်အာမခံအလုပ်သမား (၂၉၁၀၉) ဦး ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၃) ခန်း၊ Fee for service စာချုပ်ဆေးခန်း (၅) ခန်း၊ ဌာနကြီးဆေးခန်း (၄) ခန်း၊ ရွေ့လျားဆေးကုသယာဉ်တို့ဖြင့် ဆေးကုသ မှုဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အာမခံအလုပ်သမားလူနာ ဦးရေ (၁၃၆၁၃၀) ဦးနှင့် ၄/၂၀၂၆ လမှ ၈/၂၀၂၆ လအထိ အာမခံအလုပ်သမားလူနာဦးရေ (၅၈၂၈၅) ဦးတို့အား စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

