ရန်ကုန် ဒီဇင်ဘာ ၁၁
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ရန်ကင်း၌ ကျင်းပသည့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့်အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲ ဖြတ်ရေးနှင့်အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုလေ့ကျင့်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစံသတ်မှတ်ရေး ကော်မတီဝင် များ၊ UMFCCI မှ ကိုယ်စားလှယ်နှင့် NSSA အသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သား များ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲ ဖြတ်သူများအပါအဝင် အင်အား ၁၂၀ ခန့် တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလထိ (၃၀,၃၃၅) ဦး ဖြေဆိုခဲ့ပြီး သတ်မှတ်အရည်အချင်းကိုက်ညီသူ (၂၇,၈၉၉) ဦးရှိ၍ လုပ်သား (၂၆,၈၉၉) ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ယနေ့ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရရှိသူ (၆၅၄) ဦးကို ထုတ်ပေးပြီးပါက ကျန်လုပ်သား (၃၄၆) ဦး အတွက် ဆက်လက်ထုတ်ပေးနိုင်ရေး စီမံထားပြီးဖြစ်ကြောင်း၊
NSSA လုပ်ငန်းစဉ်ကို အလုပ်သမားဝန်ကြီးဌာနကဦးဆောင်၍ ဆက်စပ်ဝန်ကြီးဌာနများ၊ ပြင်ပကျွမ်းကျင်ပညာရှင်များ၊ အလုပ်ရှင်များဖြင့် အသိပညာပေး ဆွေးနွေးခြင်း၊ လုပ်ငန်းခွင် သင်တန်းများ ပို့ချပေးခြင်း၊ Assessor ၊ Chief Assessor များ မွေးထုတ်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များ စဉ်ဆက်မပြတ် ပေးအပ်နိုင်ရေး၊ အစိုးရ သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက သင်တန်းကျောင်းများ ပူးပေါင်း၍ ကျွမ်းကျင်လုပ်သားများ တိုးမြှင့်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊၂၀၁၄ ခုနှစ်မှ ယနေ့ထိ အလုပ်အကိုင် ၅၄ မျိုးအတွက် စစ်ဆေး အကဲဖြတ်ရေးဌာန ၂၇၉ ခု တည်ထောင်၍ စစ်ဆေးအကဲ ဖြတ်သူ ၈၈၁ ဦး၊ စစ်ဆေးရေးမှူး ၁၀၂ ဦး ဖြင့် ဘဏ္ဍာရေးနှစ်အလိုက် စစ်ဆေးအကဲဖြတ်မှုများ ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် နိုဝင်ဘာလကုန်ထိ အလုပ်အကိုင် ၃၀ မျိုးအတွက် ဖြေဆိုလုပ်သား ၁၈၆၁ ဦးကို စစ်ဆေးအကဲဖြတ်ခဲ့ပြီး အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား ၁၇၈၀ ဦးကို မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊
မြန်မာနိုင်ငံအင်ဂျင်နီယာပညာရေး နှစ်၁၀၀ ပြည့် ရာပြည့်သဘင်နှင့် Naypyitaw State Polytechnic University ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် လိုအပ်သည့် အရည်အသွေးမြှင့် လူစွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရေး လမ်းညွှန်ချက်နှင့်အညီ လုပ်သားများ၏ လူနေမှုဘဝ အဆင့်မြင့်မားလာစေရေးအတွက် ရည်မှန်းပြီး ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိရာ ကာယကံရှင်၊ အလုပ်ရှင်၊ အလုပ်ဌာနနှင့် နိုင်ငံတော်အတွက် များစွာအထောက်အပံ့ဖြစ်စေကြောင်း၊ ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေး အတွက် အဓိကမောင်းနှင်အားဖြစ်၍ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းအပါအဝင် ညီနောင်အသင်းများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် တိုက်တွန်း လိုကြောင်းမှာကြား၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင် ရာကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန အသိ အမှတ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Linda Fashion (Myanmar) Co.,Ltd၊ Myanmar Postarion Co.,Ltd နှင့် Designtime Myanmar Co.,Ltd စက်ရုံများသို့ သွားရောက်၍ စက်ရုံအစည်း အဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြ ကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။
ဒုတိယဝန်ကြီးက စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ကော်မတီများသည် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် လိုက်နာဆောင်ရွက်၍ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊
သက်ဆိုင်ရာဦးစီးဌာနများ၏ စနစ်တကျ စည်းကြပ်ဆောင်ရွက်ပေးမှုကို အလေးထား လိုက်နာပြီး အလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားအားလုံး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာသန်စွမ်းသည့် လုပ်သားများနှင့်သန့်ရှင်းသပ်ရပ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် လုပ်ငန်းခွင်သည် ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို များစွာအထောက်အကူ ပြုနိုင်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင် ပေးနိုင်သဖြင့် အလုပ်ရှင် နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိလိုက်နာ ဆောင်ရွက်ပြီး အလုပ်ရှင်၊ အလုပ်သမားအကြား နွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာသက်ရောက်မှု ရှိစေနိုင်သဖြင့် လုပ်သားများကို ကြီးကြပ်သူများမှအထက် အောက် မျှတစွာ စီမံအုပ်ချုပ်ရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

