အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                                နိုဝင်ဘာ ၂၇

အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI)၊  မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များ၊ အလုပ် သမားအဖွဲ့အစည်းများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ခုံသမာဓိ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်ကော်မတီ ဝင်များ၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC)အဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာနှီးနှော ဖလှယ်ပွဲကို ခုံသမာဓိကောင်စီ၊ အထက်မြန်မာပြည်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်ခုံသမာဓိ အဖွဲ့ဝင်များနှင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ အချင်းချင်း အလုပ်သမားရေးရာ အငြင်း ပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ အငြင်းပွားမှုများကို ဖျန်ဖြေ၊ စစ်ဆေးဆုံးဖြတ်ခဲ့ သည့် အတွေ့အကြုံများကို  မျှဝေဖလှယ်နိုင်ရန်နှင့် နောင်ဖြစ်ပွားလာမည့် အငြင်းပွားမှုများကို ပိုမိုမြန်ဆန်စွာ ဖြေရှင်းနိုင်မည့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်နိုင်ပြီး ရှေ့ဆက်လက် ဆောင်ရွက်ရမည့် အငြင်းပွားမှုဖြေရှင်းရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားအကြား လုပ်ငန်းခွင် ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အခြေအနေများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်ဌာနအတွင်း ကနဦးဆွေးနွေးညှိနှိုင်းသင့်ပါကြောင်း၊ လုပ်ငန်းခွင်အဆင့် ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် အငြင်းပွားမှု မဖြစ်ပေါ်မီ ကြိုတင်ညှိနှိုင်းဖြေရှင်းနိုင်ခြင်း၊ လုပ်ငန်းစွမ်းဆောင် ရည်နှင့် ထုတ်လုပ်မှုတိုးတက်စေခြင်း၊ အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုတည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ WCCတွင်ဆွေးနွေးညှိနှိုင်းပြီးနောက်    ပြေလည်မှု မရရှိသည့် အကျိုးစီးပွားဆိုင်ရာအငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိ အဖွဲ့နှင့် ခုံသမာဓိကောင်စီတို့ဖြင့် အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး  အငြင်းပွားမှုဖြေရှင်း ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားဥပဒေ ရေးရာ အသိပညာပေးမှုများ ဆောင်ရွက်ခြင်းနှင့်  WCC အဖွဲ့ဝင်များအတွက် လုပ်ငန်းစွမ်း ဆောင်ရည် မြှင့်တင်ရေး သင်တန်းများ ပြုလုပ်ခြင်းတို့အပြင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအတွင်း  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း၊

အငြင်းပွားမှုများဖြစ်ပွားပါက ဖြေရှင်း ဆောင်ရွက်နိုင်ရန် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားသုံးပွင့်ဆိုင် ဖွဲ့စည်းထားသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီဝင်များ အနေဖြင့် အငြင်းပွားမှုများကို ဖျန်ဖြေခြင်း၊ စစ်ဆေးဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ရာတွင် အလုပ်ရှင်၊အလုပ်သမား နှစ်ဦးနှစ်ဖက်၏ အကျိုးစီးပွားကို မျှတစွာ ကြည့်ရှု၍ ဘက်လိုက်မှုမရှိဘဲ သမာသမတ်ကျစွာ ဖြေရှင်းဆောင်ရွက်မှသာ အလုပ်ရှင်၊ အလုပ်သမားများက ယုံကြည်အားကိုးရသည့် အငြင်း ပွားမှု ဖြေရှင်းရေးယန္တရားတစ်ရပ်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး ရေရှည်တည်ငြိမ်ပြီး  ဖွံ့ဖြိုးတိုးတက် စေရန်အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်သိမှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ စွမ်းဆောင်ရည်ရှိမှုနှင့် ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ လုပ်ကိုင်ဆောင်ရွက်ပြီး အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များအနေဖြင့်လည်း အလုပ်သမားရေးရာ အငြင်းပွားမှုများကို   ဖျန်ဖြေရေး စွမ်းရည်၊ စစ်ဆေးဆုံးဖြတ်ရေး စွမ်းရည်များ ပြည့်ဝစွာဖြင့် နှစ်ဖက်မျှတမှုရှိစေပြီး မှန်ကန် မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်း ပြောကြားခဲ့သည်။

အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း (၂၈)မြို့နယ်တွင် မြို့နယ် ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အငြင်းပွားမှုများကို ညှိနှိုင်း ဖျန်ဖြေပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အငြင်းပွားမှု(၃)မှု  လက်ခံရရှိပြီး တောင်းဆိုသူအလုပ်သမား(၂)ဦးအတွက် ငွေကျပ်သန်း(၇.၀၃၂)ကို ခံစားခွင့် ရရှိစေခဲ့ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးခုံသမာဓိအဖွဲ့အနေဖြင့်လည်း အဆိုပါကာလ အတွင်း  အငြင်းပွားမှု (၁)မှု လက်ခံရရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီးမှာ အငြင်းပွားမှု မရှိ သလောက် လျော့နည်းနေခြင်းသည် ကောင်းသောလက္ခဏာဖြစ်သကဲ့သို့ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး အဆင်ပြေမှု၊ လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှု၊ အလုပ်သမား ဝန်ကြီးဌာနက  ပြဋ္ဌာန်းထားသည့်  အလုပ်သမားဥပဒေများကို သိရှိလိုက်နာမှု အားကောင်း ခြင်းဟု ယူဆနိုင်ကြောင်း၊ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တည်မြဲစေရန်နှင့် လုပ်ငန်းခွင်အေးချမ်း သာယာမှုရှိစေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများအကြား လိုလားချက်များ၊ နစ်နာချက်များရှိပါက အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ အလုပ်ရှင်နှင့် အလုပ်သမားများအကြား မပြေလည်မှု၊ အငြင်းပွားမှုများကို အမြန်ဆုံး ပြေလည်မှု ရရှိစေရန်အတွက် ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ လျော့နည်းပပျောက်စေရေးအတွက် အားလုံး ဝိုင်းဝန်း၍ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသူများက အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုအားပေးခဲ့ပြီး  မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ ပြသထားမှုကို လှည့်လည်ကြည့်ရှုခဲ့သည်။

ယင်းနောက် ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီး ဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု များကို ရှင်းလင်းဆွေးနွေးခြင်း၊ ခုံသမာဓိကောင်စီဝင်တစ်ဦးက အလုပ်သမားရေးရာ အငြင်း ပွားမှုများ စစ်ဆေးဆုံးဖြတ်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို  ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အုပ်စု (၄) စုဖွဲ့၍ အစုအဖွဲ့လိုက် ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး အစုအဖွဲ့လိုက် ဆွေးနွေးတွေ့ရှိချက်များ အပေါ် အပြန်အလှန် တင်ပြဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာနှီးနှောဖလှယ်ပွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် နှစ်စဉ် ကျင်းပ လျက်ရှိပြီး နှီးနှောဖလှယ်ပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များအပေါ်မူတည်၍ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုလျော့ပါးစေရေးအတွက် အသိပညာပေးခြင်း၊ အငြင်းပွားမှုဖြစ် ပေါ်လာပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှု များ လျော့နည်းကျဆင်းကာ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ် စွမ်းအား မြင့်မား လာစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ Unilever EAC Myanmar Co., Ltd လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံ နှင့် Good Brothers Co., Ltd လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်ရေးစက်ရုံတို့အား သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမား အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေး ကော်မတီဝင်များ၊ အလုပ်သမား ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး စက်ရုံတာဝန်ရှိသူများ က စက်ရုံလုပ်ငန်းလည်ပတ်မှုအခြေအနေများ ရှင်းလင်း တင်ပြခဲ့သည်။ ပြည်ထောင်စု ဝန်ကြီးက သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် မျှတသည့် အလုပ်ရှင်၊ အလုပ်သမားဆက်ဆံရေး ရရှိစေရန်နှင့် အလုပ်သမားရေးရာ အငြင်းပွားမှုများ လျော့နည်းစေရေး၊ အလုပ်သမား ဥပဒေများပါ ရပိုင်ခွင့် အခွင့်အရေးများရရှိရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုဖူလုံရေးဥပဒေ နှင့်အညီ အာမခံအလုပ်သမားများကို သက်ဆိုင်ရာအာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေ အနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံအတွင်း အလုပ်သမားများ လုပ်ငန်းခွင်အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းခွင် အေးချမ်းသာယာပြီး ဘေးအန္တရာယ်ကင်းရှင်း၍ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါများ လျော့နည်းကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအား တိုးတက်ရေး ကို များစွာအထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် အဆိုပါစက်ရုံအတွင်း လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ကျန်းမာကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ရေး အလုပ်သမား ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့ဖြင့် အာမခံ အလုပ် သမားများအား လိုအပ်သောဆေးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ECG ဖြင့် နှလုံးစမ်းသပ် စစ်ဆေးမှုများနှင့် လိုအပ်သောဆေးဝါးထောက်ပံ့ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလ အထိ မန္တလေးတိုင်းဒေသကြီးအတွင်း အလုပ်ဌာန ၂၇၃ ဌာနမှ အာမခံ အလုပ်သမား ၁၉,၆၁၁ ဦး တို့အား စက်ရုံ၊ အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။