နေပြည်တော် နိုဝင်ဘာ ၂၅
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ Integrated SSB စနစ်အသုံးပြုနည်းနှင့် AI Basic Level သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် Integrated SSB စနစ်ကို လူမှုဖူလုံရေးအဖွဲ့တွင် အသုံးပြုဆောင်ရွက်နေမှု အပေါ် လူမှုဖူလုံရေးဝန်ထမ်းများအနေဖြင့် အဆိုပါစနစ်ကို ကျွမ်းကျင်စွာအသုံးပြုနိုင်စေရန်နှင့် AI နည်းပညာနှင့် အကျွမ်းတဝင်ရှိစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊
ယနေ့ခေတ်သည် နည်းပညာများအရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်ဖြစ်ပြီး အထူးသဖြင့် Artificial Intelligence (AI) ခေါ် ဉာဏ်ရည်တုနည်းပညာသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ အသီးသီး၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည့် AI ခေတ်သစ်သို့ ရောက်ရှိနေပြီဖြစ်၍ AI နည်းပညာသည် လူသားတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ပိုမိုလွယ်ကူမြန်ဆန်စေရုံသာမက အချက်အလက်များကို တိကျစွာခွဲခြမ်းစိတ်ဖြာ နိုင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အထောက်အကူပြုနိုင်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်များကို မြှင့်တင်ပေးနိုင်ခြင်း၊ နည်းပညာတိုးတက်မှုနှင့်အညီ မိမိတို့ကိုယ်တိုင်လည်း အသိပညာ၊ အတတ်ပညာ များကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး AI နည်းပညာကို နားလည်အသုံးချနိုင်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာစေရန် အထူးလိုအပ်ပါကြောင်း၊
ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်အာမခံ အလုပ်သမားများ၏ မျက်နှာဓါတ်ပုံအား Face Recognition System (FRS) စနစ်ဖြင့် တိုက်ဆိုင် စစ်ဆေးနိုင်ခြင်းဖြင့် ဆေးကုသမှုခံယူချိန်နှင့် အကျိုးခံစားခွင့်ထုတ်ယူချိန်တွင် အာမခံစိစစ်ရေးကတ် Smart ကတ်ဖြင့်လည်းကောင်း၊ အာမခံအလုပ်သမား၏ မျက်နှာဖြင့်လည်းကောင်း အလွယ်တကူ တိုက်ဆိုင်စစ်ဆေးနိုင်မည်ဖြစ်ပါကြောင်း၊ AI နည်းပညာနှင့်ဒစ်ဂျစ် တယ်နည်းပညာများကို ထိရောက်စွာ အသုံးချနိုင်ခြင်းအားဖြင့် ပြည်သူများအတွက် အရည်အသွေးပြည့်ဝသောဝန်ဆောင်မှုများ ပေးအပ်နိုင် စေရန် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊
သင်တန်းကို တက်ရောက်မည့် သင်တန်းသားများအနေဖြင့် သင်တန်းစည်းကမ်းချက်များ နှင့်အညီ စနစ်တကျ ကြိုးစားသင်ယူကြရန်နှင့် သင်တန်းတွင် ပို့ချမည့် လူမှုဖူလုံရေးတွင် စတင်အသုံးပြု နေသည့် မျက်နှာဖြင့်တိုက်ဆိုင်စစ်ဆေးခြင်း Face Recognition System (FRS) စနစ်နှင့်ပတ်သက်သည့် နည်းပညာများဖြစ်သော AI နည်းပညာအခြေပြု Face Recognition System စနစ်ဖြစ်ပေါ်လာပုံ ၊ Flutter Basic ၊ Python Basic ၊ AI နည်းပညာအကြောင်းသိကောင်းစရာ၊ User Interface တည်ဆောက်ခြင်း၊ Computer Networking ၊ Network Devices နှင့် Face Recognition System & Client Server Architecture သင်ခန်းစာများကို လက်တွေ့လုပ်ဆောင်ရာ၌ စိတ်ပါဝင်စားစွာဖြင့် အားတက်သရောလိုက်ပါလုပ်ဆောင်ရန်လိုပြီး အမှန်တကယ် တတ်မြောက်အောင် လေ့လာစေလိုပါ ကြောင်း၊ သင်တန်းတက်ရောက်ပြီးပါက မိမိလေ့လာသင်ယူခဲ့သည့် အတတ်ပညာများဖြင့် လူမှုဖူလုံရေး အဖွဲ့၏ လုပ်ငန်းစဉ်များအား ရေရှည်တွင် သိရှိလိုက်ပါဆောင်ရွက်နိုင်ပြီး လူမှုဖူလုံရေးအဖွဲ့ကြီး ပိုမိုကောင်းမွန်တိုးတက်ကာ အလုပ်သမားများကို တိကျမြန်ဆန်သည့် ဝန်ဆောင်မှုများပေးအပ်နိုင်ရေး ကြိုးစားသွားကြရန်နှင့် အနာဂတ်တွင် လူမှုဖူလုံရေးအဖွဲ့၏ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရာနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းမှာကြားခဲ့သည်။
အဆိုပါသင်တန်းကာလကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ (၂၀) ရက်ဖြင့် လုပ်ငန်းခွင်မပျက်စေရေးအတွက် မွန်းလွဲပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိ သည်။

