အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပုသိမ်                                                                                                          ဒီဇင်ဘာ  ၁၀

 အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ဧရာဝတီတိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တိုင်းဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ  စက်မှုစီမံကိန်းခန်းမတွင် အလုပ်ရှင်၊ မန်နေဂျာနှင့် အထည် ချုပ်လုပ်သားအင်အား ၂၀၀ ဦးကို တွေ့ဆုံ၍ ဒုတိယဝန်ကြီးက အလုပ်သမားရေးရာကိစ္စနှင့် စပ်လျဉ်းပြီး သိရှိလိုသည်များ ကို ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်ရှင်ကိုယ်စားလှယ် (မန်နေဂျာ)နှင့် အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင် အတွင်းဆောင်ရန်၊ရှောင်ရန် အချက်များကိုသိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်သမား အချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား၊ ဆက်ဆံရေး ကောင်းမွန်စေရန် ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်း ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာ  ဖွဲ့စည်းဆောင်ရွက် နိုင်ကြောင်း၊အခြေခံအလုပ်သမားအဖွဲ့အစည်း၊မြို့နယ်အလုပ်သမားအဖွဲ့အစည်း၊  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့ထိ စနစ်တကျ  ဖွဲ့စည်းနိုင်ကြောင်း၊ အလုပ်ရှင်များသည်လည်း အလုပ်ရှင်အဖွဲ့ အစည်းများကိုအပြိုင်ဖွဲ့စည်းနိုင်ပြီး မြို့နယ်မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင် အရာရှိချုပ်ထံ သတ်မှတ်ချက်နှင့်အညီ တင်ပြ၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊

သက်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းသည် ဖွဲ့စည်းပုံ စည်းမျဉ်းများကို အဖွဲ့အစည်းဝင် အများစု၏ သဘောတူညီချက်ဖြင့် ရေးဆွဲရမည်ဖြစ်ပြီး အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပြီးပါက အလုပ်အမှုဆောင်အဖွဲဝင်များသည် အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ကောင်းစွာ သိရှိလိုက်နာရန်လိုကြောင်း၊ အလုပ်သမားအဖွဲ့အစည်း၏ အခွင့်အရေးနှင့်တာဝန်များကို သိရှိ ဆောင်ရွက်ရမည်ဖြစ်ပြီး ရန်ပုံငွေထူထောင်ခြင်းနှင့်သုံးစွဲခြင်းကို စနစ်တကျ ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ အလုပ်ရှင်အနေဖြင့် အလုပ်ရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက် ရန်လိုကြောင်း မှာကြားခဲ့သည်။

           ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံများဖြစ်သည့် Dong Long (Pathein) Garment၊ Harkers Enterprise Myanmar Co.,Ltd နှင့်  Huabo Times Textile and Clothing Co.,Ltd စက်ရုံများသို့ ကွင်းဆင်း ကြည့်ရှုအားပေး ခဲ့သည်။ စက်ရုံအစည်းအဝေး ခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးတာဝန်ခံများက လုပ်ငန်းခွင်အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးပြီး လုပ်သားများကို ကြီးကြပ်သူများမှ အထက်အောက် မျှတစွာ စီမံ အုပ်ချုပ်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှုသည် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေပြီး  စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကို များစွာသက်ရောက်မှု ရှိစေနိုင်ကြောင်း မှာကြား၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ လုပ်သားများနှင့် ရင်းနှီးစွာ  တွေ့ဆုံအားပေးခဲ့သည်။

ဒုတိယဝန်ကြီးကအလုပ်ရှင်၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် လုပ်သားအားလုံး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအလုပ်သမား အဖွဲ့အစည်း၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေး ကော်မတီများသည် အလုပ်သမားရေးရာဥပဒေများနှင့်အညီ အကောင်အထည်ဖော် လိုက်နာ ဆောင်ရွက်၍ လုပ်သားများ သက်သာချောင်ချိမှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် စေတနာထားပြီး ယုံကြည်မှုရှိရှိ ဆောင်ရွက်ရန်လိုကြောင်း၊

          လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှသာ မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါ ထိခိုက်ခံစားမှုများ လျော့နည်းကျဆင်းပြီး  ကျန်းမာသန်စွမ်းသည့် လုပ်သားများနှင့် သန့်ရှင်း သပ်ရပ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့်  လုပ်ငန်းခွင်သည် ကုန်ထုတ်စွမ်းအားတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်ကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထား ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်ဟု သတင်းရရှိသည်။