နေပြည်တော် ဒီဇင်ဘာ ၁၁
အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ခုံသမာဓိ ကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စား လှယ်များနှင့် စက်မှုဇုန်အသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ အလုပ်သမားများ လုပ်ခလစာအချိန်မီရရှိနိုင်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှုများအား ဥပဒေနှင့်အညီဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရတဲ့ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးပြီး အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် ရည်ရွယ်ပြီး သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး ရေရှည် မျှော်မှန်းချက်များချမှတ်၍ တည်ငြိမ်အေးချမ်းသည့်လုပ်ငန်းခွင်များဖြစ်ပေါ်စေရေး၊ အလုပ်သမား ဥပဒေပါ အကျိုးခံစားခွင့်များရရှိစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သင့်လျော် ကောင်းမွန်သည့်အလုပ်အကိုင်များရရှိရေး၊ ဘေးကင်းသည့် ရွှေ့ပြောင်းသွားလာမှုဖြစ်ပေါ်စေရေး၊ ကျွမ်းကျင်မှုလေ့ကျင့်သင်ကြားပေးရေး၊ လူမှုအကာအကွယ်ပေးရေးနှင့် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်ရေးစသည့် ရည်မှန်းချက် (၉) ရပ်ဖြင့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံအနေဖြင့် လွတ်လပ်စွာအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်-၈၇ ကိုလိုက်နာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေအရ အာဏာတည်ပြီးနောက် ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်ထိ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသော အခြေခံအလုပ်သမားအဖွဲ့အစည်း ၂၈၃၃ ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၅၈ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း ၁ ဖွဲ့ ၊ တိုင်း ဒေသကြီး/ ပြည်နယ်အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၉ ဖွဲ့၊ အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ၁ ဖွဲ့၊ စုစုပေါင်း ၃၀၅၄ ဖွဲ့ ဖွဲ့စည်း ထားရှိပါကြောင်းနှင့် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်းနိုင်ရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်သားအင်အားလျှော့ချခြင်း၊ ပိတ်သိမ်းရခြင်းများရှိပါက အလုပ်ရှင်နှင့်အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် မည်သည့်ကိစ္စမဆို အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံ ရေးတိုးတက်ကောင်းမွန် လာမည်ဖြစ်ပါကြောင်း၊
Online ဖြင့် တက်ရောက်လာကြသော အလုပ်ရှင်၊ အလုပ်သမား၊ ခုံသမာဓိအဖွဲ့ဝင်များနှင့် စက်မှုဇုန်များမှ ကိုယ်စားလှယ်များအနေဖြင့် အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးပေးရန်နှင့် ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့်လင်းလင်းအကောင်း ဆုံးဆွေးနွေးအဖြေရှာပြီး သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ၏ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင်ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းဆွေနွေးတင်ပြခဲ့ပြီး Online ဖြင့် တက်ရောက်လာကြသော ခုံသမာဓိကောင်စီအဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ ကြုံနေရသည့် လုပ်ငန်းဆိုင်ရာအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များမှ ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများမှ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

