အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                                နိုဝင်ဘာ ၉

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေအရ အလုပ်သမားနှင့် အလုပ်ရှင်အဖွဲ့အစည်းများကို ဖွဲ့စည်းခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် စိစစ်၍ အသိအမှတ်ပြုလက်မှတ်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အလုပ်သမားအဖွဲ့အစည်း အသိအမှတ်ပြုလက်မှတ် လက်ခံရယူမည့် အလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်လည်းကောင်း၊ အလုပ်သမား အချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားအကြားဆက်ဆံရေးကောင်းမွန်စေရန် လည်းကောင်း၊ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျနှင့် လွတ်လပ်စွာဖွဲ့စည်းဆောင်ရွက်နိုင်ရန် လည်းကောင်း ပြည်ထောင်စုလွတ်တော်မှ ပြဋ္ဌာန်းခဲ့ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းဥပဒေရေးဆွဲရာတွင် ဝန်ကြီးဌာနအနေဖြင့် ILO ၏ နည်းပညာအကူအညီကိုရယူပြီး ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေတို့ကို ရေးဆွဲပြဋ္ဌာန်းခဲ့ကြောင်း၊အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးချိန်မှစ၍ လက်ရှိအချိန်မှ အခြေခံအလုပ်သမားအဖွဲ့အစည်း ၂,၉၁၇ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁၆၁ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အလုပ်သမား အဖွဲ့အစည်း ၂၇ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၁၀ ဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ၁ ဖွဲ့၊ စုစုပေါင်း ၃,၁၁၆ ဖွဲ့ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊အလားတူ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၇ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း ၁ဖွဲ့နှင့် အလုပ်ရှင် အဖွဲ့ချုပ် ၁ ဖွဲ့၊ စုစုပေါင်း ၂၉ ဖွဲ့တို့ကို ဖွဲ့စည်းထားပြီးဖြစ်ရာ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်း စုစုပေါင်း ၃,၁၄၅ ဖွဲ့တို့ကို အသိအမှတ်ပြုလက်မှတ်ထုတ် ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းစုစုပေါင်း ၃,၀၀၆ ဖွဲ့ရှိခဲ့ရာမှ ယခုအခါမှာ ၃,၁၄၅ ဖွဲ့ထိ ဖွဲ့စည်းပြီးဖြစ်သည့်အတွက် ၁၃၉ ဖွဲ့ တိုးမြှင့်ဖွဲ့စည်းနိုင်ခဲ့ ပါကြောင်း၊၂၀၂၆ ခုနှစ်၊ ဧပြီလ ဒီမိုကရေစီအစိုးရသစ် တာဝန်ယူပြီးအချိန်မှစ၍ ယနေ့ထိ အခြေခံအလုပ်သမားအဖွဲ့အစည်း ၁၁ ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း ၁ ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၁ ဖွဲ့၊ အလုပ်သမားအဖွဲ့ချုပ် ၁ ဖွဲ့၊ စုစုပေါင်း ၁၄ ဖွဲ့ တိုးမြှင့် ဖွဲ့စည်းခဲ့ခြင်းကြောင့် လက်ရှိအစိုးရသည် အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ခွင့်ပြုပေးလျက်ရှိသည့်အပြင် အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ အခွင့်အရေးများ အပြည့်အဝရရှိအောင် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် အလုပ်သမားများ၏ လူမှုအကျိုးစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထားကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့ကမ်းရိုးတန်းသွား သင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ( Myanmar Coastal Seafarers Federation-MCSF) ၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မှ Ayeyarwaddy Success Venture Foods (MDY) စားသောက်ကုန် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှ Heri Garment အထည်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ တောင်ငူမြို့မှ တင်တင်စိန်အိတ်ချုပ် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ ပဲခူးမြို့မှ I Like Food စားသောက်ကုန် အခြေခံအလုပ်သမားအဖွဲ့အစည်း၊ စုစုပေါင်း အလုပ်သမားအဖွဲ့အစည်း ၅ ဖွဲ့ တို့ကို အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ခဲ့ပြီး အလုပ်သမားအဖွဲ့အစည်းများကိုယ်စား မြန်မာ့ကမ်းရိုးတန်းသွားသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ မှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါကြောင်း သတင်းရရှိသည်။