ရန်ကုန် စက်တင်ဘာ ၂၇
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ အမှတ်(၂၇)၊ အာနန္ဒာ ဘုရားလမ်းနှင့် မေဃဝတီကျောင်းလမ်းထောင့်၊ ဘဝမြင့်ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ နည်းပညာအထောက်အကူပြုရုံး(ရန်ကုန်)အဆောက်အဦများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာတွင် ဦးစီးဌာနပိုင် ၁.၂ ဧကကျယ်ဝန်းသော မြေပေါ်တွင် CVT Myanmar မှ ဆောက်လုပ်ထားသော အဆောက်အဦများကို ၁၅-၈-၂၀၂၃ ရက်တွင် ဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ အဆောက် အဦ၌ ၆-၉-၂၀၂၃ ရက်နေ့မှစ၍ နည်းပညာအထောက်အကူပြုရုံး(ရန်ကုန်)ကို ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ပါကြောင်း၊ ယခုအခါ ၁၆၅ ပေ x ၇၅ ပေရှိ နှစ်ထပ်အဆောက်အဦ၏ ခေါင်မိုးမှာ ပြန်လည် ပြုပြင်ရန် လိုအပ်သောကြောင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း တင်ပြသွားမည် ဖြစ်ကြောင်း၊ အဆောက်အဦ မွမ်းမံပြီးစီးပါက အလုပ်သမားများအတွက် ကျွမ်းကျင်မှုသင်တန်းများနှင့် အမျိုး သားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာလုပ်သားထု ဈေးကွက်တွင် လိုအပ်နေသော လုပ်ငန်းခွင်နှင့် ကိုက်ညီသည့် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ယခုသင်တန်းကျောင်း၌ သက်မွေးပညာ လေ့ကျင့်ရေးလုပ်ငန်းစဉ်တွင် အရေး ပါသော အလုပ်သင်ပညာရေးစနစ် (Dual Training) ပေါ်ပေါက်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားများ လုပ်ငန်းခွင် အကြို လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်ငန်းခွင်အတွင်း တိုးတက်လာသော နည်းပညာများအား အမီလိုက်နိုင်စေရန် လေ့ကျင့်သင်ကြားပေးခြင်း၊ လုပ်သားများ ဘဝတစ်သက်တာ လေ့ကျင့် သွားနိုင်ရန်၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှုစစ်ဆေးပေးကာ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းကို မူဝါဒများ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်သားထုအတွက် တက်ညီလက်ညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်သားများ အလုပ် အကိုင် အခွင့်အလမ်းများ ရရှိရေး၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသော လေ့ကျင့်သင်ကြားခွင့် ရရှိပြီး ကျွမ်းကျင်လုပ်သားများဖြစ်စေရေး၊ အလုပ်အကိုင်တည်မြဲစေရေးတို့သည် လုပ်သားထု အတွက် ဆောင်ရွက်ပေးရမည့် အလုပ်သမားဝန်ကြီးဌာန၏ အနှစ်သာရဖြစ်ပါကြောင်း၊ သင်တန်းကျောင်း များ အနေဖြင့် သင်တန်းသားများ၊ လုပ်သားများ၊ အလုပ်ရှင်များ လိုအပ်သည့် ကျွမ်းကျင်သင်တန်း များ ပို့ချပေးနိုင်ရေး မျက်ခြေမပြတ်ဆောင်ရွက်ရန်နှင့် သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနှင့်အညီဆောင်ရွက်ရန်၊ ပြည်သူလူထုအားကိုးရသည့် ဝန်ကြီးဌာန ဖြစ်စေရေး တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်၊ မိမိဌာနများ၊ သင်တန်းကျောင်းများ အစဉ်မပြတ် ကောင်းမွန်မှုရှိစေရေး တာဝန်ကျဝန်ထမ်းများ အနေဖြင့် ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)၌ ဆေးကုသမှုဝန်ဆောင်မှုအပြင် ကျောက်ကပ်သွေးသန့်စင်ဆေးကြောသည့် ဝန်ဆောင်မှုတိုးချဲ့ဆောင်ရွက်နိုင်ရေး ကျောက်ကပ် သန့်စင်စက် တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ်လည်ပတ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အောက်တိုဘာလအတွင်း နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော အာမခံအလုပ်သမား လူနာများအား ကျောက်ကပ်သွေးသန့်စင်ပေးနိုင်ရေး လိုအပ်သောဆေးပစ္စည်းများ အမြန်ဝယ်ယူ နိုင်ရေး မှာကြားဆောင်ရွက်ခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ကျောက်ကပ်သွေးသန့်စင်လူနာများအား အမြန်ဆုံး ဆေးကုသမှု ပေးနိုင်ရေး၊ ကျောက်ကပ်သွေးသန့်စင်လုပ်ငန်းအတွက် လိုအပ်သော ရေသန့်စက် တပ်ဆင်မှုလုပ်ငန်းများပြီးစီးမှုနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ရေးဆောင်ရွက် နေမှုများ နှင့် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ အာမခံအလုပ်သမားများသည် ကျောက်ကပ်သွေးသန့်စင်လုပ်ငန်းများ လုပ်ကိုင်လိုပါက ယခင်ကကဲ့သို့ မြို့ထဲရှိဆေးရုံများတွင် သွားရောက်ဆောင်ရွက်ရန် မလိုအပ်ဘဲ အလုပ်သမားဆေးရုံ(ထန်းတပင်)သို့ လာရောက်ဆေး ကုသပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသော အာမခံ အလုပ်သမားလူနာများကို ကျောက်ကပ်သွေးသန့်စင်သည့် ဝန်ဆောင်မှုများကို အလုပ်သမား ဆေးရုံကြီး(ရန်ကုန်)တွင် ၈/၂၀၂၆ လထိ အာမခံအလုပ်သမားလူနာ ၅၃၀ ဦးအတွက် ဆေးကြော သည့်အကြိမ်ရေ ၃,၀၄၅ ကြိမ်နှင့် အလုပ်သမားဆေးရုံကြီး(မန္တလေး)တွင် အာမခံ အလုပ်သမား လူနာ ၃၀၈ ဦးအတွက် ဆေးကြောသည့်အကြိမ်ရေ ၂,၅၄၂ ကြိမ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

