အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပဲခူး                                                                                                           စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  အာမခံအလုပ်သမားများ၏ သားသမီးများအား ပညာသင် စရိတ်ထောက်ပံ့ခြင်းနှင့် မန္တလေးငလျင်ဘေးသင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့်များပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော် ခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလုပ်သမားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်း၊  အမှုထမ်းများ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လူငယ်များ အနာဂတ်အတွက် စဉ်ဆက်မပြတ် ပညာသင်ကြားရေးသည် များစွာအရေးကြီးကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့ ဟူသည့် ဆောင်ပုဒ်နှင့်အညီ အကျိုးအကြောင်း၊ အဆိုးအကောင်းခွဲခြားနိုင်သည့် အသိဉာဏ် ကိုရစေသော ပညာဆည်းပူးခွင့်ရရန် မိဘတိုင်းတွင်တာဝန်ရှိကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများကို ဆေးကုသမှုနှင့် ငွေကြေးအကျိုး ခံစားခွင့်များပေးရာတွင် ခေတ်နှင့်လျော်ညီပြီး ပိုမိုထိရောက်ကောင်းမွန်သည့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရေး စီမံဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ပါကြောင်းနှင့် အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များ အကျိုးရှိစေမည့်အရာများကို ရှေးရှုဆောင်ရွက်ပေးနိုင်ပါစေကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေပါ အာမခံစနစ် (၆) မျိုးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အာမခံစနစ် တစ်မျိုးချင်းထားရှိမှုအပေါ် မူတည်ပြီး အလုပ်ရှင်၊ အလုပ်သမား ထည့်ဝင်ကြေးတိုးမြှင့်ပေးရသည့် အတွက် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသည့် ကျန်းမာရေးနှင့်လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်၊ အလုပ်တွင် ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ်နှင့် မိသားစုထောက်ပံ့မှု အာမခံစနစ်တို့ကို  အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊

အာမခံအလုပ်သမားများ ဆေးကုသရာတွင် ဓာတ်ခွဲစမ်းသပ်ခနှုန်းထားများ၊ ဓာတ်ခွဲခန်း ဝန်ဆောင်ခနှုန်းထားများ၊ ကျောက်ကပ်သန့်စင်ခြင်းအတွက်နှုန်းထား၊ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအတွက်နှုန်းထားများ၊ အူအတက်ခွဲစိတ်ခြင်းအတွက် နှုန်းထားများကို ခေတ်ကာလနှင့် လျော်ညီစွာ ပြင်ဆင်သတ်မှတ်ပြီး ဆေးဖိုးစိုက်ထုတ် ကုန်ကျငွေများကို ပြန်လည်ပေးအမ်းလျက်ရှိ ကြောင်း၊

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် နိုင်ငံပိုင်ကျောင်းများတွင်ဖြစ်စေ၊ နိုင်ငံကအသိအမှတ်ပြု ထား သော ကျောင်းများတွင်ဖြစ်စေ အချိန်ပြည့်ပညာသင်ကြားနေသော အကျုံးဝင်အာမခံအလုပ်သမား များ၏ သားသမီးများကို ၂၀၂၅-၂၀၂၆ ခု၊ ပညာသင်နှစ်မှ စတင်၍ ပညာသင်စရိတ်ထောက်ပံ့ပေး နိုင်ရေး စိစစ်ဆောင်ရွက်ပေးနေကြောင်း၊

ပညာသင်စရိတ် လျှောက်ထားခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစု ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ % တို့ လျှောက်ထားရာတွင် အာမခံအလုပ်သမားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လျှောက်ထားရန် ကျန်ရှိသူများအတွက်နစ်နာမှုမရှိစေရေး အကျိုးခံစား ခွင့် လျှောက်ထားရမည့်ကာလကို တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊

မန္တလေးငလျင်ဘေးသင့်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ အာမခံအလုပ်သမား(၈,၅၆၉) ဦး အတွက် ငွေကျပ်သန်း (၆၈၂.၀၃၁) ကို Online Payment စနစ်ဖြင့် အာမခံအလုပ်သမားများ၏ လက်ဝယ်အရောက် စနစ်တကျပေးအပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့်လျှောက်လွှာများကို စိစစ် လျက်ရှိပြီး ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးမှ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ အာမခံအလုပ်သမား (၈,၅၆၉)ဦးအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀% ဖြစ်သည့် ငွေကျပ်သန်း (၆၈၂.၀၃၁)နှင့် လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ်က လူမှုရေးဝန်ကြီးထံ အာမခံအလုပ်သမား (၄၆၇၁)ဦး၏ သားသမီး (၆၀၉၃)ဦးအတွက် ပညာသင်စရိတ် ငွေကျပ်သန်း (၂၄၄.၄၅၅)ကို လွှဲပြောင်းပေးအပ်ခဲ့သည်။ နေ့လယ်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းနှင့် စစ်ဆေးအကဲဖြတ်သူ နည်းစနစ်သင်တန်းများ စာတွေ့/ လက်တွေ့ လေ့ကျင့်သင်ကြားဖွင့်လှစ်ပို့ချ‌နေမှုကို ကြည့်ရှုအားပေးပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းသင်တန်းများကို နှစ်စဉ်စီမံချက်များဖြင့် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ NSSA မှ အကောင်အထည်ဖော်လျက်ရှိသည့် စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများ၊ အမှတ်ပေးစနစ်များ၊ စာတွေ့/ လက်တွေ့ မေးခွန်းများ ထုတ်ယူ ပြုစုခြင်း၊ စစ်ဆေးအကဲဖြတ်သူတစ်ဦး၏ တာဝန်ဝတ္တရားများနှင့် ကျင့်ဝတ်များ၊ စစ်ဆေးအကဲဖြတ်ခြင်း မပြုမီ၊ ပြုလုပ်ဆဲနှင့် ပြုလုပ်ပြီးနောက် ပြင်ဆင်ဆောင်ရွက်ကြရမည့်အချက်များကို သေချာစွာလိုက်နာ မှတ်သားရန်နှင့် သင်တန်းဆင်းပြီးနောက် စစ်ဆေးအကဲဖြတ်ရေးဌာနများ၌ ပြုလုပ်မည့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းများတွင် On the Job Training (OJT) (၁)ကြိမ်နှင့် Volunteer Assessor (၁)ကြိမ် တို့ကို မပျက်မကွက် ပါဝင်ဆောင်ရွက်ပြီး NSSA အသိအမှတ်ပြု စစ်ဆေးအကဲဖြတ်သူများ ဖြစ်လာ စေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာ လုပ်ငန်းခွင်များတွင် စနစ်တကျ ပြန်လည်အသုံးချ လုပ်ကိုင်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။