အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                             အောက်တိုဘာ ၁၆

        အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia Optical Co.,Ltd (မှန်ဘီလူးစက်ရုံ) နှင့် Honey Garment Co.,Ltd (အထည်ချုပ်စက်ရုံ) များသို့ သွားရောက်၍ အဆိုပါစက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေး ကော်မတီဝင်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားများနှင့်တွေဆုံ၍ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးကောင်းမွန်ရန် လိုအပ်ကြောင်း၊ ကောင်း မွန်သည့် လုပ်ငန်းခွင်ဆက်ဆံရေး ထူထောင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအကြား ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတို့ ထားရှိရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးဆောင်ရွက်ချက်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာများနှင့် အငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးကိစ္စရပ်များကို မှာကြားခဲ့ပြီး တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါစက်ရုံရှိ အာမခံအလုပ်သမားများအား         လုပ်ငန်းခွင်မပျက် စွမ်းအားပြည့် လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် အလုပ်သမားဆေးရုံကြီးများရှိ အထူးကုဆရာဝန်ကြီးများပါဝင်သော ရွေ့လျားဆေးကုသ ယာဉ်(MMU)ဖြင့် စက်ရုံအရောက် ကွင်းဆင်းဆေးကုသ၍ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အာမခံအလုပ်သမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။

အဆိုပါကွင်းဆင်းဆေးကုသမှုကို အလုပ်သမားဆေးရုံကြီးများမှ သမားတော်များ၊ သားဖွားမီးယပ်အထူးကုဆရာဝန်များ၊   အရိုးအထူးကုဆရာဝန်များ၊ မျက်စိအထူးကုဆရာဝန် များ၊ အကြောအဆစ်ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်များပါဝင်သော ဆေးကုသရေးအဖွဲ့ ဖြင့် စက်ရုံ(၂)ရုံမှ အာမခံအလုပ်သမား (၆၉၈၄)ဦးတို့အား ဆေးကုသမှုဝန်ဆောင်မှုများ၊ ECG ဖြင့် လိုအပ်သော နှလုံးစစ်ဆေးမှုများနှင့် ဓာတ်ခွဲစစ်ဆေးမှုများ၊ ဆေးဝါးများနှင့် မျက်မှန်များကို ထောက်ပံ့ဆောင်ရွက်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား(၁)သန်းကျော်၏  ကျန်းမာရေး စောင့်ရှောက်မှုအတွက် လက်ရှိတွင် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၂၂)ခန်း၊ တိုင်းရင်းဆေးကုခန်း(၁)ခန်း၊ ဌာနကြီး ဆေးခန်း(၂၁)ခန်း၊ စာချုပ်ဆေးခန်း (၅၃)ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှုဆောင်ရွက်သည့်       စာချုပ်ဆေးရုံ၊ သားဖွားခန်း (၅)ခန်းတို့ဖြင့် ဆေးကုသမှုဝန်ဆောင်မှုဆောင်ရွက်လျက်ရှိရာ   ၂၀၂၅-၂၀၂၆   ဘဏ္ဍာနှစ်တွင်  ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့်အကြိမ်ရေ (၆၉၇,၅၈၂)  အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးဖိုးတင်ပြတောင်းခံသည့် အကြိမ်ရေ (၇,၇၈၇) အတွက် ကျပ်သန်း ၇၉၇၄.၃၉၆ နှင့် ၄/၂၀၂၆ လမှ ၉/၂၀၂၆ လအထိ အကြိမ်ရေ (၂၂၁၉၆) အတွက် ကျပ်သန်း၂,၄၆၂.၄၂၅ ပေးအမ်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်