အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                    စက်တင်ဘာ ၁၈

          အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမ၌ အလုပ် သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေပေးနိုင်ရေးနှင့်စပ်လျဉ်း၍ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်း ဖွင့်ပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး အခမ်းအနားသို့ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ခုံသမာဓိကောင်စီဝင်များ၊ ခုံသမာဓိအဖွဲ့ဝင်များ၊ သင်တန်း နည်းပြများနှင့် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC) အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ကြသည်။

          ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် အဆိုပါသင်တန်းအား အလုပ်သမား ရေးရာအငြင်းပွားမှုဖြေရှင်းရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြားတွင် အလုပ်လုပ်ကိုင်မှု အခြေအနေ၊ စည်းကမ်းချက်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊

          အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အလုပ်သမားရေးရာဥပဒေများကို ကောင်းစွာသိရှိ နားလည်လိုက်နာဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုများလျော့နည်းကာ ကုန်ထုတ်စွမ်းအား တိုးတက်စေမည်ဖြစ်၍ လုပ်ငန်းခွင်အတွင်းဖြစ်ပွားသော မည်သည့်အငြင်းပွားမှုများမဆို WCC အဖွဲ့ ဖြင့် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ကြောင်း၊

          WCC အဖွဲ့များအားကောင်းလာပြီး အဖွဲ့ဝင်များ၏ အရည်အချင်းပြည့်ဝနေစေရန် ဦးစီးဌာနများမှ စည်းကြပ်သည့်ဥပဒေများကို ဦးစီးဌာနအလိုက် တာဝန်ခံအရာရှိများက သင်ကြား ပို့ချမည်ဖြစ်ပြီး ခုံသမာဓိကောင်စီဝင် တစ်ဦးမှ အငြင်းပွားမှုဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

                     ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Myanmar Zhi Yuan Garment Co.,Ltd (အထည်ချုပ်)စက်ရုံ၊ Hanbon (Myanmar) Garment Co., Ltd နှင့် Ruifa Interprise Limited (အိတ်ချုပ်)စက်ရုံများအား ကြည့်ရှုစစ်ဆေး ပြီး စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့ အစည်းဝင်များ၊ အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံ များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။