နေပြည်တော် စက်တင်ဘာ ၉
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်(Commission of Inquiry- CoI) တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး နှင့် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဂျီနီဗာမြို့မှ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး အမြဲတမ်းကိုယ်စားလှယ်၊ ဘရပ်ဆဲလ်မြို့မှ မြန်မာသံအမတ်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ILO ၏ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) အစီရင်ခံစာပါ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ကွန်ဗင်းရှင်းအမှတ်(၈၇)နှင့် အဓမ္မခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်းအမှတ်(၂၉)တို့နှင့် ပတ်သက်သည့် အကြံပြုတိုက်တွန်းချက်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားများအတွက် အကျိုးရှိစေမည့် အကြံပြုတိုက် တွန်းချက်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် ပြည်သူများ၏ မဲဆန္ဒဖြင့် ဒီမိုကရေစီအစိုးရသစ် ဖွဲ့စည်းခဲ့ပြီး ILO အဖွဲ့ဝင်နိုင်ငံ အနေဖြင့် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် လျစ်လျူရှု၍ မမှန် သတင်းများဖြင့် တစ်ဖက်သတ်စွပ်စွဲကာ မြန်မာနိုင်ငံအပေါ် လျှို့ဝှက်စောင့်ကြည့်ရေးယန္တရား တည် ထောင်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူးအစည်းအဝေးများကျင်းပကာ ဖိအားပေးသည့် ဆုံးဖြတ် ချက်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးတွင် ILO ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အာတီကယ် (33) အရ ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ILO နှင့် အာဆီယံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ILO အဖွဲ့ဝင်နိုင်ငံအဖြစ် အစည်းအဝေးများ ပြန်လည်တက်ရောက်ခွင့် ရရှိစေရေးအတွက် အာဆီယံနိုင်ငံများမှ အပြည့်အဝပံ့ပိုးပေးရန် ဆွေးနွေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက CoI ကော်မရှင်၏ တိုက်တွန်းချက်များ အပေါ် အလုပ်သမားရေးရာ ဥပဒေများပါရပိုင်ခွင့်နှင့် အကျိုးခံစားခွင့်များ ရရှိစေရေးဆောင်ရွက် ပေးနေမှုများ၊ အလုပ်သမားအဖွဲ့အစည်းများ၏ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ပြုမှုများ၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား(National Complaint Mechanism-NCM)ဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် အဖွဲ့ဝင်နိုင်ငံ အနေဖြင့် ILO နှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ILO ၏ (၃၅၈)ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့(Governing Body) အစည်းအဝေးသို့ တင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာတွင် ထည့်သွင်းပြုစုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေး ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

