အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                       အောက်တိုဘာ ၁၃

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင်မွမ်းမံ သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ်တွင် လူမှုဖူလုံရေး အဖွဲ့(ရုံးချုပ်)၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့၊ ရုံးချုပ်နှင့် မြို့နယ်ရုံးခွဲ များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဦးစီးမှူးများအနေဖြင့် မိခင်ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များ၊  မိတ်ဖက်ဦးစီးဌာနများ၏ လုပ်ငန်းစဉ်များကို လေ့လာသိရှိ နိုင်စေရန် (၁၀) ရက်တာသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များနှင့် ဌာနတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်၊ စည်းကြပ်အကောင်အထည်ဖော်ရမည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များကိုလည်း လေ့လာသိရှိခဲ့ပြီးဖြစ်ကြောင်း၊

          လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်ရှင်၊ အလုပ်သမားများ၏ ယုံကြည်ကိုးစားရသည့် လူမှုဖူလုံရေးစီမံကိန်းအဖြစ် အကောင်အထည်ဖော်နိုင်ရန် လက်ရှိဆောင်ရွက်နေသည့် ပြုပြင် ပြောင်းလဲလုပ်ကိုင်နေမှုနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ထဲထဲဝင်ဝင်သိရှိပြီး တက်ကြွစွာပါဝင် ဆောင်ရွက်ဖို့လိုကြောင်း၊

          လူမှုဖူလုံရေးအဖွဲ့မှ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်အားဖြင့် လူမှုဖူလုံရေး စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက် အာမခံအလုပ်သမားများ၏  လူမှုစီးပွားဘဝလုံခြုံမှုရရှိရေးကို  အလေးထားဆောင်ရွက်ပေးနေမှုအပေါ် ဝန်ထမ်းအားလုံး တန်ဖိုးထားဂုဏ်ယူရမည်ဖြစ်ကြောင်း၊  

ထို့အပြင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီလိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများ၊ ရုံးလုပ်ငန်းလက်စွဲများ၊ ဦးစီးဌာန၊ အဖွဲ့များမှ စစ်ဆေးစည်းကြပ်သည့် အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများကို ကျေညက်စွာ သိရှိနားလည်ပြီး လိုက်နာကြရန်နှင့် ပေးအပ်သည့်တာဝန်များကို စိတ်စေတနာကောင်းဖြင့် ကျေပွန်စွာထမ်းဆောင်ရန်၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ပြောဆို ဆက်ဆံရာတွင် ဌာန၏ပုံရိပ်ကို မထိခိုက်စေဘဲ အလေးထားပြောဆိုဆက်ဆံရန်၊ မိမိတို့ဝန်ထမ်း ဂုဏ်၊ အဖွဲ့အစည်းဂုဏ်တို့ကို ကိုယ်တိုင်လေးစားစောင့်ထိန်း၍ ပေးအပ်သည့်တာဝန်များအပေါ် ရုံးလုပ်ငန်းကို မှန်မှန်ကန်ကန်၊ တိတိကျကျနှင့် အချိန်မီဆောင်ရွက်ပေးရန်၊ ဝန်ထမ်းအချင်းချင်း အပြန်အလှန် လေးစားကြည်ဖြူစိတ်ဖြင့် ဝန်ထမ်းကောင်းများဖြစ်ရေး အစဉ်ကြိုးစားသင်ယူ လိုက်နာရန်၊ နိဂုံးချုပ်အနေဖြင့် သင်တန်းသား/သူအားလုံး နိုင်ငံတော်အပေါ် သစ္စာစောင့်သိပြီး စိတ်ကောင်းထား၍ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် စည်းကမ်းရှိ၍ စွမ်းဆောင်ရည်ပြည့်ဝ သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။