ရန်ကုန် အောက်တိုဘာ ၁၃
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ အထည်ချုပ်လုပ်ငန်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအထည်ချုပ်နှင့် ချည်မျှင်ထုတ်လုပ်ခြင်းအား ရှေ့နှစ်ပေါင်းများစွာကတည်းက ဒေသအလိုက် ရိုးရာအထည်အလိပ် များ၏ အလှနှင့်လက်မှုလက်ရာများဖြင့် စတင်ခဲ့ပါကြောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် ကာလအတွင်း ဂျာမဏီ၊ တရုတ်နှင့် ဂျပန်နိုင်ငံမှ စက်ပစ္စည်းများကို တင်သွင်းထုတ်လုပ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးနောက်ပိုင်း ခေတ်မီအထည်ချုပ်လုပ်ငန်း အဖြစ် ကူးပြောင်းခဲ့ပါကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် နိုင်ငံခြားတင်ပို့မှု ၂.၅ %မှ ၂၀၀၀ ပြည့်နှစ်တွင် ၃.၉ % အထိ တိုးတက်ခဲ့ရာ အထည်ချုပ်စက်ရုံ ၄၀၀ ရုံ၌ အလုပ်သမား ၃၀၀,၀၀၀ ခန့်ရှိပြီး ပြည်ပ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ခန့်ရှိခဲ့ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုများကြောင့် အထည်ချုပ်လုပ်ငန်းကို ကြီးမားသောသက်ရောက်မှုများ ခံစားခဲ့ရကြောင်း၊ ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာအထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာသဘောတူညီချက် ရပ်ဆိုင်းမှု ကြောင့် ဆိုးရွားစွာထိခိုက်ခဲ့ပါကြောင်း၊
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်ကြားတွင် အထည်ချုပ်စက်ရုံ ၁၃၀ ကျော်အား ဈေးကွက်သစ် ရှာဖွေခဲ့ပြီး ဂျပန်နှင့် ကိုရီးယားသည် မြန်မာအထည်ချုပ်ကို ဝယ်ယူသည့်အဓိကနိုင်ငံများဖြစ်လာ ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ဂျပန်မှ အမှာစာ ၃၇.၅% ၊ ကိုရီးယားမှ ၂၅.၃% လက်ခံရရှိခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စီးပွားရေးနှင့် နိုင်ငံရေးအခြေအနေများ တစ်ရှိန်ထိုးတိုးတက်မှုကြောင့် အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးခဲ့ပါကြောင်း၊ လက်ရှိ CMP စက်ရုံနှင့် CMP တစ်ဆင့်ခံစက်ရုံ ၇၈၈ ရုံ ရှိပါ ကြောင်း၊ ပို့ကုန်ဝင်ငွေများအလိုက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန် ဒေါ်လာ ၄၃၁၆.၈၉ သန်းရှိသဖြင့် ယခင်နှစ်ပို့ကုန်တန်ဖိုးထက် ပိုမိုတိုးတက်လာခဲ့ကြောင်း၊
၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေအရ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေနှုန်းထားအဖြစ် နေရာဒေသနှင့်လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ၄၈၀၀ ကျပ်ကို ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန် သတ်မှတ်ခဲ့ကြောင်း၊ အဆိုပါ အနည်းဆုံးအခကြေးငွေအပေါ်တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ် ကို အလုပ်လုပ်သောရက်များနှင့် ၁၉၅၁ ခုနှစ်၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်အက်ဥပဒေအရ ခံစားခွင့်ရှိကြောင်းနှင့် အလုပ်သမား ၁၀ ဦး အောက်ရှိ လုပ်ငန်းငယ်များ၊ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထည့်သွင်းဖော်ပြလျက် အလုပ်သမားများအတွက် အပိုထောက်ပံ့ကြေးခံစားခွင့် ပြုထားပါကြောင်း၊
အလုပ်ရှင်နှင့် အလုပ်သမားများအကြား အငြင်းပွားမှုများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် အငြင်းပွားမှုများ လျော့နည်းကျဆင်းလာမှာဖြစ်သည့်အပြင် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်သည့်အတွက် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊
ပြည်ထောင်စုနယ်မြေ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ အထည်ချုပ်စက်ရုံပေါင်း (၅၃) ရုံ အား NSSA အသိအမှတ်ပြုကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် ကျွမ်းကျင်မှုအသိအမှတ်ပြုရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ အထွေထွေအတွင်းရေးမှူး (၁) ဦးထွန်းထွန်းနှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများမှ လုပ်ငန်း ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အထည်ချုပ်လုပ်ငန်းသည် လက်ရှိအခြေအနေတွင် နိုင်ငံသားများ အား အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ခြင်း၊ နိုင်ငံတော် အတွက် နိုင်ငံခြားငွေ အမြောက်အများ ရှာဖွေပေးနိုင်ခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိသော ကျွမ်းကျင်လုပ်သားအမြောက် အမြား မွေးထုတ်ပေးနိုင်သည့် စသည့်အကျိုးကျေးဇူ့များကို ဖြည့်စွမ်းပေးနိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်သည့် အတွက် အထည်ချုပ်လုပ်ငန်းကဏ္ဍများ အောင်မြင်စေရေး၊ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေး နှင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်ရှင်များအနေဖြင့် အလုပ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်စေရေး၊ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စွမ်းစွမ်းတမံ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။


