အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                 အောက်တိုဘာ ၆

       မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း၌ ကျင်းပခဲ့ရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ (NSSA) မှ တာဝန် ရှိသူ များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီနှင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု လေ့ကျင့်ရေး ကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံများ၊ စစ်ဆေး အကဲဖြတ်သူများ၊ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ အပါအဝင် စုစုပေါင်း (၁၁၀) ဦး တက်ရောက် ခဲ့ကြသည်။

          အခမ်းအနားတွင် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် (၉) ရပ်ပါ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှု လုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက် လျက်ရှိရာ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးသည် အဓိကဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့် အလမ်း များနှင့် အားပေးကူညီမှုများကို ဖော်ဆောင်ပေးနိုင်မှသာ အလုပ်ကို အင်ပြည့်အားပြည့် လုပ်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်၍ စီမံခန့်ခွဲသူများက စနစ်တကျ စီမံ ခန့်ခွဲဆောင်ရွက်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ မိမိတို့ဝန်ကြီးဌာနက မိတ်ဘက်ဝန်ကြီးဌာနများ၊ UMFCCI၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်း စသည့် လုပ်ငန်းရှင်အသင်းများဖြင့် ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှစတင်၍ NSSA ကို ဒေသတွင်းသာမက နိုင်ငံတကာနှင့် ယှဉ်ပြိုင် နိုင်စွမ်းရှိသော လုပ်သားထု တစ်ရပ် ပေါ်ထွန်းလာစေရေး မျှော်မှန်းဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းခွင် တွင်းရှိ အလုပ်သမားများ၏ လုပ်ငန်း အတွေ့အကြုံ နှင့် ကျွမ်းကျင်မှုအား အသိအမှတ်ပြုရန်၊ လုပ်သားဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု နှင့် အလုပ် အကိုင်ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုရန်၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ် ရေး နှင့် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်းစနစ်အား သတ်မှတ်အကောင် အထည် ဖော်ဆောင်ရွက်ရန်၊ ကျွမ်းကျင် လုပ်သား များ၏ အရည်အသွေးကို မြှင့်တင်ပေးရန်နှင့် ထိုမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ၏ ရပိုင်ခွင့်၊ လူနေမှု အဆင့် အတန်းနှင့် ကျွမ်းကျင်မှုများ တိုးတက်စေရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊

          NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ ယနေ့အထိ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန (၂၅၀) ခုမှ အလုပ်အကိုင် (၃၅) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၂၃၉၀၄) ဦးကို မွေးထုတ် ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လုပ်သား (၃,၅၀၀) ဦး စစ်ဆေးအကဲဖြတ်နိုင် ရေး လျာထားပြီး စက်တင်ဘာလကုန်ထိ ဖြေဆိုသူလုပ်သား (၁၄၇၈) ဦးကို စစ်ဆေး အကဲဖြတ်ခဲ့ရာ အရည်အသွေးပြည့်မီသူ ကျွမ်းကျင်လုပ်သား (၁၃၂၄) ဦးကို အသိအမှတ်ပြုနိုင်ခဲ့ပြီး သတ်မှတ်ချက် ပြည့်မီ   ကျော်လွန်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

          နေလယ်ပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အထည်ချုပ် စက်ရုံ များဖြစ်သည့် Very Impressive Prospect Co.,Ltd၊  PWR Fashion Co.,Ltd နှင့် Guohua Glory Co.,Ltd များသို့ သွားရောက် ကြည့်ရှုရာ စက်ရုံတာဝန်ခံများက လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အတွက် အလုပ်သမားရေးရာညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်နေမှု၊ အလုပ်သမားအဖွဲ့အစည်းနှင့် စက်ရုံ တွင်း အလုပ်သမား ရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) ဖွဲ့စည်း ဆောင်ရွက်နေမှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု ကိစ္စရပ်များကို ရှင်းလင်း တင်ပြခဲ့သည်။

          ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင် ရောဂါ ရရှိခံစားမှုလျော့နည်းကျဆင်းစေရေး ဦးစီးဌာန၏အမိန့်နှင့်ညွှန်ကြား ချက်များ၊ စစ်ဆေးရေးအရာရှိများ၏ အကြံပြု ချက်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များ တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် လုပ်သားများ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရပြီး လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန် စေရန် WCC အဖွဲ့များ ဖွဲ့စည်း၍  ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရန်လိုကြောင်း၊ ကျွမ်းကျင် လုပ်သားများ မွေးထုတ် ပေးခြင်းဖြင့် အရည်အသွေးမီ ထုတ်ကုန်ပစ္စည်းများ အချိန်မီ ထုတ်လုပ် ပေးနိုင်ခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ရှင် အတွက် ဂုဏ်သိက္ခာမြင့်မားစေပြီး  ကျွမ်းကျင် လုပ်သားများ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်၍ တိုင်းပြည် GDP ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာအထောက်အပံ့ ရရှိစေနိုင်သဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုကို အရှိန်မြှင့် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့ပါသည်။