အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့                                                                                               ဩဂုတ်လ  ၃၀

          အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက်  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်)တွင် နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများကို ကျောက်ကပ် သွေးသန့်စင်သည့် ဝန်ဆောင်မှုဆောင်ရွက်နိုင်ရေး ကျောက်ကပ်သွေးသန့်စင်စက်(၃)လုံး တပ်ဆင် ဆောင်ရွက်မည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့် အညီ အာမခံစနစ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဓိက  လုပ်ငန်းစဉ်အနေဖြင့် အာမခံအလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ငွေကြေးအကျိုးခံစားခွင့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး လူမှုဖူလုံရေးစီမံကိန်းအရ အကျုံးဝင်အာမခံအလုပ်သမားများကို ဆေးကုသမှုဝန်ဆောင်မှုကို တိုင်းဒေသကြီး၊ ပြည်နယ်များ တွင် ဆေးရုံ၊ ဆေးခန်းများဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုထိရောက်လွယ်ကူစေရန် အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ၊ ဌာနကြီးဆေးခန်း၊ စာချုပ်ဆေးခန်း များဖြင့် ဆေးကုသမှုဝန်ဆောင်မှုများအပြင်  နာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများကို ကျောက်ကပ်သွေးသန့်စင်သည့် ဝန်ဆောင်မှုများကို အလုပ် သမားဆေးရုံကြီး(ရန်ကုန်)တွင် ကျောက်ကပ်သွေးသန့်စင်စက်(၄)လုံးဖြင့် တစ်လပျှမ်းမျှ လူနာ ဦးရေ (၁၂၆)ဦးကို (၁၃၀)ကြိမ် ကျောက်ကပ်သွေးသန့်စင်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အလုပ်သမားဆေးရုံကြီး(မန္တလေး)တွင်လည်း တစ်လပျှမ်းမျှ လူနာဦးရေ (၁၄)ဦးကို (၁၀၁)ကြိမ် ကျောက်ကပ်သွေးသန့်စင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံ အလုပ်သမားလူနာများစိုက်ထုတ်ကုန်ကျငွေမရှိပဲ ပိုမိုလွယ်ကူအဆင်ပြေစေရန် အလုပ်သမားဆေးရုံ (ထန်းတပင်)တွင် ကျောက်ကပ်သွေးသန့်စင်သည့် ဝန်ဆောင်မှုဆောင်ရွက်နိုင်ရေး ကျောက်ကပ် သွေးသန့်စင်စက်များနှင့် ရေသန့်စက်များ တပ်ဆင်ဆောင်ရွက်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်း ရရှိသည်။