ဘန်ကောက် ဩဂုတ် ၂၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ၊ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၆-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ Dusit Thani Hotel ၌ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံအလုပ်သမား ဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် H.E. Anutin Charnvirakul က အဖွင့်အမှာစကား ပြောကြားပြီး အာဆီယံနိုင်ငံများမှ အလုပ်သမားရေးရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံ တကာအဖွဲ့အစည်း (IOM) နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့မှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အာဆီယံအလုပ်သမားဝန်ကြီးများ အစည်းအဝေးသည် အာဆီယံအလုပ်သမားဝန်ကြီးများ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) အရ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ ဆက်စပ်အစည်း အဝေးများမှ အလုပ်သမားရေးရာ ဆုံးဖြတ်ချက်များ၊ အဖွဲ့ဝင်နိုင်ငံများမှ အလုပ်သမားရေးရာဆောင်ရွက် ချက်များကို ဆွေးနွေးရန်နှင့် အာဆီယံအလုပ်သမားဝန်ကြီးများထံ တင်ပြအတည်ပြုနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လာအိုနိုင်ငံ အလုပ်သမားနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Phongsaysack Inthalath နှင့် နှစ်နိုင်ငံ အလုပ်သမား ရေးရာ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံပွဲတွင် လာအိုနိုင်ငံတွင် ရောက်ရှိနေသော အထောက်အထားမဲ့ မြန်မာလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သက်ဆိုင်ရာအဖွဲ့အစည်းများပါဝင်သည့် လုပ်ငန်းအဖွဲ့ (Working Group) ဖြင့် ဆွေးနွေး၍ လုပ်ငန်းစဉ် များ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ တရားဝင်လမ်းကြောင်းများမှတဆင့် လွှဲပို့နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ် ဝင်ထွက်ပေါက်များမှတစ်ဆင့် တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး၊ သက်သေခံလက်မှတ်များ ထုတ်ပေးရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်

