အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဘန်ကောက်                                                                                                  ဩဂုတ် ၂၆

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် (၂၉)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘန်ကောက်မြို့သို့ ၂၅-၈-၂၀၂၆ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိခဲ့ သည်။

ညနေပိုင်းတွင် အစည်းအဝေးများကျင်းပပြုလုပ်မည့် Dusit Thani Hotel ၏ သီးသန့် အစည်းအဝေးခန်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး နှင့်အတူ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Julapun Amornvivat ဦးဆောင်သည့် အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် နှစ်နိုင်ငံအလုပ်သမားရေးရာ ကိစ္စရပ်များတွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံတွင်း နေရာဒေသအလိုက် ရောက်ရှိ အလုပ်လုပ်ကိုင် နေကြသည့် မြန်မာလုပ်သားများ၏ အလုပ်အကိုင်အမျိုးအစားအလိုက် အင်အားစာရင်းရရှိရေး၊ မြန်မာလုပ်သားများ၏ မိသားစုလွှဲပို့ငွေများ တရားဝင်လမ်းကြောင်းများမှတဆင့် လွှဲပို့နိုင်ရေး နှစ်နိုင်ငံ သက်ဆိုင်ရာဌာနများအကြား ဆွေးနွေးဆောင်ရွက်ပေးနိုင်ရေး၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity-CI)ထုတ်ပေးမည့်နေရာများ တိုးချဲ့ ဖွင့်လှစ်ရေး၊ ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြပြီး (၄)နှစ်ပြည့်ပြီးသည့် မြန်မာ လုပ်သားများ သက်တမ်းတိုးဆက်လက် အလုပ်လုပ်ကိုင်ရေးအတွက် U-turn လုပ်ငန်းစဉ် အမြန်ဆုံး ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာလုပ်သားများ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ စနစ်တကျ ရရှိနိုင်ရေးနှင့် နှစ်နိုင်ငံ လူမှုဖူလုံရေးအဖွဲ့များအကြား သဘောတူစာချုပ်(MoC)ချုပ်ဆို ဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ယာယီအချက်အလက်ကောက်ယူရေး ဌာန (Temporary Data Collection Center-TDCC)ဖွင့်လှစ်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၉)ကြိမ်မြောက် အာဆီယံအလုပ်သမားဝန်ကြီးများအစည်းအဝေး၊ (၁၄)ကြိမ်မြောက် အာဆီယံအပေါင်းသုံး အလုပ် သမားဝန်ကြီးများ အစည်းအဝေးနှင့် နှစ်နိုင်ငံအလုပ်သမားရေးရာ အလုပ်သမားဝန်ကြီးများအစည်း အဝေးများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။