အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                              ဩဂုတ် ၂၁

          အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူး နှင့်အထက် အရာထမ်းများအား တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တက်ရောက်အမှာစကား ပြောကြားပြီး တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက် ကြသည်။

          ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ရာ တွင် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းများ အားလုံးသည် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားအဖြစ် ပြုပြင်ပြောင်းလဲရာတွင် မိမိတို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ကာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် ပြည်သူတို့၏ ယုံကြည်ကိုးစားမှု ရရှိလာ အောင် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများအား လုပ်ငန်းခွင်အေးချမ်းသာယာမှု ရှိစေရေး၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် မျှော်မှန်းချက်၊ ရည်မှန်းချက်များထားရှိအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားတိုးတက်ရေး အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့်များ ခံစားရရှိစေရေးအတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊

ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အလုပ်သမားရေးရာဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်အောင် လေ့လာဖတ်ရှုကြရန်နှင့် ဘာသာရပ်ဆိုင်ရာ ပညာရပ်များကိုလည်း စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင် အတွင်း ဝန်ထမ်းအချင်းချင်း အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် လုပ်ငန်းများ တိုးတက်အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်း ခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity-CI) ထုတ်ပေးရေးလုပ်ငန်းစဉ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ထိုင်းနိုင်ငံရှိ အထောက်အထားမပြည့်စုံသည့် မြန်မာနိုင်ငံသား အလုပ်သမားများကို CI အသစ် ထုတ်ပေးနိုင်ရေးအတွက် စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်တို့တွင် CI စခန်း ၄ ခုနှင့် ကရာဘီ Mobile Unit ၁ ခုကို ၁၇-၂-၂၀၂၆ ရက်နေ့မှ ၁၆-၈-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ရာ အလုပ်သမား ၄၂၉,၁၉၂ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းများ လွှဲပြောင်းလက်ခံခြင်း၊ စာရင်းဇယားများရှင်းလင်းခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဌာနအလိုက် တာဝန်ခံများအနေဖြင့် လုပ်ငန်းတာဝန်ဆောင် ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့် အခက်အခဲများ၊ ဆောင်ရွက်ချက်များနှင့် ကဏ္ဍအလိုက် အကြံပြု ချက်များကို ပြည့်ပြည့်စုံစုံတင်ပြကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက လုပ်ငန်းဆောင်ရွက်ခဲ့မှုများအပေါ် ဖြည့်စွက်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်စပ်လျဉ်း၍ သုံးသပ်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။