အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်မြို့                                                                                               ဩဂုတ်လ  ၂၉

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်စိုး သည် ယနေ့ ၁၀:၀၀ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာခန်းမတွင် အလုပ် သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ် လျက်ရှိသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ မန်နေဂျင်းဒါရိုက်တာ များ စုစုပေါင်း (၃၀၀) ဦးနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပ သို့လုပ်သားစေလွှတ်ခြင်းကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ မိမိအစီအစဉ်ဖြင့် (ကျွမ်းကျင်) လုပ်သားများ၊  ခွင့်ပြန်လုပ်သားများအနေဖြင့် စိစစ်ခွင့်ပြုဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် အခက်အခဲအနည်းဆုံး ဖြစ်စေရန် မလိုအပ်သည့် လုပ်ငန်းစဉ်များကို ဖြေလျော့၍ မဖြစ်မနေလိုအပ်ချက်များကိုသာ စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းလုပ်သားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ခြင်းသည် ၎င်းတို့မိသားစုများ၏ လူမှုစီးပွားဘဝအတွက် အထောက်အကူဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော် အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိနိုင်ခြင်းကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တာဝန်ယူ စေလွှတ်ခဲ့သည့် အလုပ်သမားတစ်ဦးချင်း၏ လုပ်ခလစာမှ မိသားစုလွှဲပို့ငွေ ၂၅ % ကို ပြည်တွင်းရှိ မိသားစုဝင်များထံ တရားဝင်လွှဲပို့‌စေရေး အေဂျင်စီနှင့် အလုပ်သမားအကြား သဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းကို ၁-၉-၂၀၂၃ ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ များသည် လုပ်သားများမှ မိသားစုလွှဲငွေ အပြည့်အဝလွှဲပို့စေရေးကို တာဝန်ရှိမှု တာဝန်သိမှု အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် အဆိုပါခန်းမ၌ Authorized Dealer (AD) လိုင်စင်ရ နိုင်ငံပိုင်ဘဏ်များနှင့် ၁၁:၀၀ နာရီချိန်တွင် တွေ့ဆုံရာ၌ ၁-၉-၂၀၂၃ ရက်နေ့မှစတင်၍ လုပ်သားများမှ ၎င်းတို့၏ မိသားစုဝင်များထံ မိသားစု လွှဲပို့ငွေကို တရားဝင်လမ်းကြောင်းမှ လွှဲပို့စေရေး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီနှင့် အလုပ်သမားအကြား သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆို၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမားဝန်ကြီး ဌာနအနေဖြင့်လည်း   မိသားစုလွှဲပို့ငွေ များကို တရားဝင်လမ်းကြောင်းမှ ပိုမိုလွှဲပို့စေရေးအတွက် ပြည်ပသို့မထွက်ခွာမီ လုပ်သားများအား သင်တန်းပို့ချရာတွင်လည်းကောင်း၊ အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုရာတွင် လည်းကောင်း အသိပညာပေးဆောင်ရွက်လျက်ရှိသလို ပြည်ပအလုပ်အကိုင်အကျိုင်းဆောင် လိုင်စင်ရအေဂျင်စီများမှ စေလွှတ်ခဲ့သည့် လုပ်သားများ၏ မိသားစုလွှဲပို့ငွေလွှဲပို့မှုများကိုလည်း သက်ဆိုင်ရာ အေဂျင်စီများအား ကြပ်မတ်စေပြီး စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မိသားစု လွှဲပို့ငွေ တိုးတက်စေရေးအတွက် ဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံခြားသုံး ငွေရောင်းဝယ်ဖောက်ကားနေသည့် လုပ်ငန်းလိုင်စင်ရရှိသူ (Authorized Dealer-AD) လိုင်စင်ရ ဘဏ်များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့်လည်း ပြည်ပရောက်အလုပ်သမားများ၏ လွှဲပို့ ငွေများအား အချက်အလက်အတိအကျ ရရှိစေနိုင်ရေးနှင့် လွယ်ကူသော လွှဲပို့မှုစနစ်ဖြစ်ပေါ်လာစေရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ပူးပေါင်း၍ ညှိနှိုင်း အစည်းအဝေးများ ပြုလုပ်လျက်ရှိပြီး မိသားစုလွှဲပို့ငွေစီမံခန့်ခွဲမှုစနစ် (Family Remittance Management-FRMS)စနစ်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အလုပ်သမား ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သက်ဆိုင်ရာဘဏ်များ၊ ပြည်ပအလုပ်အကိုင် အကျိုး ဆောင်လိုင်စင်ရ အေဂျင်စီများ ပူးပေါင်း ဆောင်ရွက်သွားရမည်ကြောင်း ပြောကြားပြီး ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

တွေ့ဆုံပွဲ့သို့ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားသုံး ငွေရောင်းဝယ်ဖောက်ကားနေသည့် လုပ်ငန်းလိုင်စင်ရရှိသူ (Authorized Dealer-AD) လိုင်စင်ရ ဘဏ်များ၊ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။