နေပြည်တော် အောက်တိုဘာ ၈
အလုပ်သမားဝန်ကြီးဌာန၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော်၊ ဝဏ္ဏ သိဒ္ဓိ အားကစားကွင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင် အသင်းများ၏ အုပ်ချုပ် သူများ၊ နည်းပြများ၊ အားကစားသမားများ၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားရာ၌ ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာန၊ အဖွဲ့များမှ ဝန်ထမ်းအချင်းချင်း ချစ်ကြည်ရင်းနှီးမှု တိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ် မျိုးဆက်သစ် လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြေးခုန်ပစ်ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ မီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀)အပြေး ပြိုင်ပွဲ၊ မီတာ(၄×၁၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် အလျားခုန်ပြိုင်ပွဲများဖြစ်သည့် အားကစားနည်း (၄)မျိုးဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း၊ ပြေးခုန်ပစ်အားကစားနည်း သည် ယနေ့ခေတ် အားကစားပြိုင်ပွဲများ၏ အခြေခံအကျဆုံး အားကစားနည်းဖြစ်သည့်အပြင် လူသားများ၏စွမ်းရည်ကို ဖော်ထုတ်ပြသရာတွင် ရှေးဦးလမ်းပြ အားကစားနည်းဖြစ်ကြောင်း၊ ပြေးခုန်ပစ် အားကစားနည်းမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အများအပြားပေါ်ထွန်းခဲ့ ကြောင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင် အားကစားသမားတစ်ဦးတည်းက ဆုတံဆိပ်များစွာရယူပေး နိုင်သည့် အားကစား နည်းဖြစ်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ နိုင်ငံတော်က ချမှတ်ထားသည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာ ရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဟူသည့် လူမှုရေး ဦးတည်ချက်ပါ ပြဋ္ဌာန်းချက်အရ လူတိုင်းအတွက် သက်ရှည်ကျန်းမာရေးသည် အဓိကကျပြီး အားကစားပြုလုပ် ခြင်းကြောင့် တစ်ကိုယ်ရည်ကျန်းမာရေး အကျိုးရလဒ်ရရှိခြင်းအပြင် အသင်းအဖွဲ့ နှင့်ဆောင်ရွက် ရခြင်းကြောင့် အချင်းချင်း စည်းလုံး ညီညွတ်စေသည့် စုပေါင်းစိတ်ဓာတ်ကိုလည်း ရရှိစေမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတွင်ရှိသော အားကစားဝါသနာရှင် ဝန်ထမ်းများအနေဖြင့်လည်း ကျွမ်းကျင်မှု၊ အတွေ့အကြုံနှင့် အလေ့အကျင့် တို့ကို စဉ်းစားဆင်ခြင်ဉာဏ်၊ လျှပ်တပြတ် ဖြတ်ထိုးဉာဏ်၊ မှန်ကန်သည့်အယူအဆ၊ မှန်ကန်မြန်ဆန် သည့်ဆုံးဖြတ်ချက် များနှင့် ပေါင်းစပ်အသုံးချ ယှဉ်ပြိုင်ပါက အောင်ပွဲဆင်နိုင်မည်ဖြစ်သည့်အတွက် အားကစားပြိုင်ပွဲ အသီးသီးမှတဆင့် ဝန်ထမ်းများ၏ အရည်အချင်းများကို ဖော်ထုတ် ပြီး ထူးချွန်အောင်မြင်မှု ရရှိသူများဖြစ်အောင် ကြိုးစားကြရန်နှင့် အမျိုးသား အဆင့် အားကစားပြိုင်ပွဲများတွင် ဝန်ကြီး ဌာန ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစား သမားများ အဖြစ် ကြိုးစားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုပြီး ပြည်ထောင်စုဝန်ကြီးက အားကစား သမားများကို လိုက်လံနှုတ်ဆက်ကာ အားကစားနည်း များအလိုက် ပြိုင်ပွဲများကို စတင်ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများမှ အားပေးကြည့်ရှုခဲ့ကြပါသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့များမှ အားကစားဝါသနာရှင် ဝန်ထမ်းများ အနေဖြင့် မီတာ (၁၀၀)အပြေးပြိုင်ပွဲ(ကျား၊ မ) တစ်ဦးချင်း ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင်ကစားသမား (၂၀) ဦး၊ မီတာ (၂၀၀) အပြေး ပြိုင်ပွဲ (ကျား၊ မ) တစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစား သမား (၂၀) ဦး၊ မီတာ (၄x၁၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ (ကျား၊ မ) အသင်းလိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမား (၄၀) ဦး နှင့် အလျားခုန်ပြိုင်ပွဲ (ကျား၊ မ) တစ်ဦးချင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကစားသမား (၁၀) ဦး၊ အားကစားသမား စုစုပေါင်း (၉၀) ဦး ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒိုင်(၂၅) ဦးမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ကြီးကြပ် ဆောင်ရွက် ပေးခဲ့ကြ၍ အားကစားအမျိုး အစားအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်ထောင်စုဝန်ကြီးနှင့် အမြဲတမ်း အတွင်းဝန် တို့မှ ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် မှ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြေးခုန်ပစ်အားကစားဒိုင် အဖွဲ့များကိုယ်စား တာဝန်ခံ (၁) ဦးအား အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် နိုင်ငံကိုယ်စားပြု အားကစားသမားများ မွေးထုတ်နိုင် ရေး၊ ဝန်ထမ်းများ၏ ကျန်းမာ ကြံ့ခိုင်ရေးနှင့် ဝန်ထမ်းများစည်းလုံး ညီညွတ်မှုရှိစေရေးတို့ အတွက်၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်တွင်လအလိုက် အားကစား ပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲနှင့် ဖူဆယ် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။


