မန္တလေး အောက်တိုဘာ ၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ယနေ့ နေ့လယ်ပိုင်းတွင်မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး) ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဖွင့်လှစ်မည့်သင်တန်းများအတွက် သင်တန်းနေရာနှင့် သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြင်ဆင်ထားမှု၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရာတွင် အသုံး ပြုရမည့် စစ်ဆေးအကဲဖြတ်ရေးသုံးပစ္စည်းများကို Assessment Center ၌ ခင်းကျင်းပြင်ဆင် ထားမှု၊ သင်တန်းကျောင်း၏ လုပ်ငန်းစဉ်များအနက် တစ်ခုအပါအဝင်ဖြစ်သည့် ပြည်ပသို့ သွားရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ် ပို့ချမှု၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားမှုနှင့် သင်တန်းကျောင်းဝန်းကျင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး သင်တန်းကျောင်းတာဝန်ခံမှ သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်များနှင့် စစ်ဆေး အကဲဖြတ်ရန် လျာထားချက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းကျောင်း အနေဖြင့် သင်တန်းသားများကို ကျွမ်းကျင်မှုစွမ်းရည်ပြည့်ဝစေရန် လေ့ကျင့်သင်ကြားပေးရေးနှင့် သင်တန်းဆင်းများအနေဖြင့် ကျွမ်းကျင်မှုအရည်အချင်းပြည့်မီရေး၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး၊ ကျွမ်းကျင်မှုအရည်အချင်းပြည့်မီသူများကို စစ်ဆေးအကဲဖြတ်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ပေးအပ်နိုင်ရေးနှင့် MSME လုပ်ငန်းများ အတွက် လူ့စွမ်းအားအရင်းအမြစ်ရရှိစေရေး၊ အလယ်တန်းအဆင့် ပညာအရည်အချင်းရှိသူများကို လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေးနှင့်လုပ်ငန်းခွင်အတွင်း အခြေခံလုပ်သားများကို ကျွမ်းကျင်လုပ်သား များ ဖြစ်လာစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းရှိ အစည်းဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမား ပြဿနာများကို ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ(WCC)၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိ ကောင်စီတို့ဖြင့် အဆင့်ဆင့်ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လက်ရှိကာလ၌ အငြင်း ပွားမှုများဖြစ်ပေါ်လာပါက အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အလုပ်သမား ရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ကနဦး ဖြေရှင်းလျက်ရှိကြောင်း၊ အဆိုပါ WCC တွင် ပြေလည်မှုမရရှိသည့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဖြင့်လည်းကောင်း၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရမည့် အလုပ်သမားရေးရာ ကိစ္စရပ်များဖြစ်ပါက မြို့နယ်ပေါင်းစပ် အဖွဲ့များဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း၊ အငြင်းပွားမှုများဖြစ်ပွားပါက ဥပဒေနှင့်အညီ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းကြောင့် ခုံသမာဓိအဖွဲ့ဖြင့် အငြင်းပွားမှုများအား ဆုံးဖြတ်ရာတွင် နှစ်ဦးနှစ်ဖက်ညီညွတ်မျှတသည့် ဆုံးဖြတ်ချက် များ ချမှတ်နိုင်ရေးအထူးအရေးကြီးကြောင်း၊ နှစ်ဦးနှစ်ဖက်မျှတ သည့် ဆုံးဖြတ်ချက် ဖြစ်မှသာလျှင် အငြင်းပွားသူများက ကျေနပ်လက်ခံပြီး ခုံသမာဓိ ကောင်စီသို့ လျှောက်ထားမှုများ နည်းပါးလာ မည်ဖြစ်ကြောင်း၊ ထိုသို့အငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် အခွင့်အရေးဆိုင်ရာနဲ့ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှု ကွဲကွဲပြားပြား သတ်မှတ်နိုင်ရန် အဖွဲ့ဝင်များအနေဖြင့် ဥပဒေများကို သေချာစွာလေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်း၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း ဥပဒေနဲ့ညီညွတ်ပြီး သမာသမတ်ကျစွာ ဆုံးဖြတ်ရန်လိုအပ်ပါကြောင်း၊ အငြင်းပွားမှုများကို အလုပ်ရှင်၊ အလုပ်သမားလက်ခံနိုင်ပြီး မျှတမှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ လျော့နည်းလာကာ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ပြီး အေးချမ်းသာယာလာမည်ဖြစ်ပါသဖြင့် ဥပဒေနဲ့ညီညွတ်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားပြီးနောက် ခုံသမာဓိအဖွဲ့ဝင် များက လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အလုပ်သမားဆေးရုံကြီး (မန္တလေး)သို့ သွားရောက်၍ ဆေးရုံအစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ တင်ကိုကိုနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုး ယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင် မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် လိုအပ်သည့်အခန်းကဏ္ဍတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းအင်အားပြည့်လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း၊ ဆေးရုံရှိတာဝန်ရှိသူများအနေဖြင့်လည်း စေတနာထား၍ အားထည့်ဆောင်ရွက် ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန်စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင် ရွက်ရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာကြရန်နှင့် မိမိ လုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရ သည့် ဌာနတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက် ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက် ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဆေးဝါးကုသ ပေးနေမှုများကို လည်းကောင်း၊ အတွင်းလူနာ ကုသပေးသည့် ကုသဆောင်များသို့လည်းကောင်း၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာများထားရှိသည့် ကုသဆောင်များနှင့် ပြင်ပလူနာဌာနတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။