အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်                                                                                         စက်တင်ဘာ ၃၀။

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံနှင့် (၄) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်မှု အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ Video Conference စနစ်ဖြင့် ကျင်းပသည်။

           (၉)ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ ASEAN-OSHNET အတွင်းရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စစ်ဆေးရေးအဖွဲ့ (IALI)၊ တရုတ်နိုင်ငံ၊ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာန (MEM)၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် သက်သာချောင်ချိရေးဝန်ကြီးဌာန (MHLW)၊ ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအေဂျင်စီ (KOSHA)တို့မှ ကိုယ်စား လှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ စုစုပေါင်း (၇၂) ဦး တက်ရောက်ကြသည်။

            အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ညီလာခံကို ယခုနှစ် မြန်မာနိုင်ငံမှ အလှည့်ကျအိမ်ရှင် အဖြစ် “Strengthening OSH Inspection Systems for Better Workplace” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအပေါင်းသုံးနိုင်ငံများနှင့် အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးကွန်ရက်ဆုရရှိသူများမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်း များကို မျှဝေလျက်ရှိကြောင်း၊ အချို့သောအာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထိရောက်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းစနစ်များကို ချမှတ်ဆောင် ရွက်လျက်ရှိပြီး ပုံမှန်စစ်ဆေးခြင်းစနစ်မှ Digital Platform စစ်ဆေးခြင်းစနစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်းလာကြသည်ကိုလည်း တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်စေရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အာဆီယံအတွင်းရေးမှူးချုပ် H.E Dato Lim Jock Hoi က အာဆီယံ၏ စီးပွားရေးတိုးတက်မှုလမ်းကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကို မြှင့်တင်နိုင်ရေး အာဆီယံအနေဖြင့် သိသာထင်ရှားသည့် အားထုတ်မှု လုပ်ဆောင်ထားပါကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကတိကဝတ်များ အားကောင်းခိုင်မာစေရေး လုပ်ဆောင်သွားရမှာဖြစ် ကြောင်း၊ အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သာ  လုပ်ငန်းခွင်များ ပြုလုပ်ပေးခြင်းကြောင့် ဆုရရှိသူများကို ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုရရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများမှ ညီလာခံ၏  ခေါင်းစဉ်နှင့်အညီ ပါဝင်ဆွေးနွေး‌ အကြံ ပြုခဲ့ကြသည်။

နေ့လယ်ပိုင်းတွင် (၄) ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်မှုအခမ်းအနားကို ဆက်လက်ကျင်းပရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန် က ဒေသတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ချက်ကောင်းမွန်သည့် ကုမ္ပဏီများကို အများပြည်သူသိရှိစေရန်နှင့် အသိအမှတ်ပြုဆုများ ချီးမြှင့် ပေးရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးပုံရိပ်အား မြှင့်တင်ပေးရန် ရည်ရွယ်ချက်များဖြင့် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင်တစ်ကြိမ် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အိမ်ရှင်အဖြစ် အလှည့်ကျကျင်းပပြုလုပ်ခဲ့ပြီး ယခုစတုတ္ထအကြိမ်တွင် မြန်မာနိုင်ငံမှ လက်ခံကျင်းပခွင့်ရရှိခဲ့ကြောင်းနှင့် အာဆီယံဒေသတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးအခန်းကဏ္ဍတိုးတက်ရန် များစွာအထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆုရရှိသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဆုတံဆိပ်နှင့် ဆုလက်မှတ်များ ချီးမြှင့်ခဲ့သည်။

ASEAN-OSHNET Excellence Award ဆုအား လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားကောင်းမွန်စွာ ဆောင်ရွက်နိုင်မှုကို အသိအမှတ်ပြုရန်နှင့် ASEAN-OSHNET Best Practices Award ဆုကို အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအလေ့အထ၊ ကျင့်စဉ်များ ချမှတ်ဆောင်ရွက်မှုကို အားပေးချီးမြှောက်ရန်အတွက် (၂)နှစ်လျှင် တစ်ကြိမ် ပေးအပ်ချီးမြှင့်လျက်ရှိရာ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ၍ (၄)ကြိမ်မြောက် အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန် ရက်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ Excellence Award (၁)ဆုနှင့် Best Practices Award (၁) ဆုတို့ကို ရရှိခဲ့ပါသည်။