အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                     အောက်တိုဘာ ၅

        မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် ပြည်တွင်း ၊ ပြည်ပအေဂျင်စီများ ၊ လုပ်ငန်းရှင်များ၊ လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၀၉:၃၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ (Multi Purpose Stadium) တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြပွဲတွင် ပါဝင်ပြသ ကြသည့် လုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များ တစ်နေရာတည်း၌ တွေ့ဆုံ၍ One Stop Service ဖြင့် အလုပ်အကိုင်ရရှိရေးအတွက် အသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့်ပူးပေါင်း၍ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ   ၆၇ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှ စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ရောက်ရှိလာသည့်အတွက် မန္တလေးမြို့တွင် အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ပြည်တွင်း ၊ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများ၊ လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ကြီးကြပ်ကျင်းပခြင်းဖြစ်ကြောင်း။

အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်လုပ်နိုင်သည့် အသက်အပိုင်းအခြား (Working Age)အတွင်း ရောက်ရှိနေကြသော လူတိုင်းအတွက် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များ ရရှိရေး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်များ ဆောင်ရွက်ပေးရေးအတွက် အလုပ်သမားဥပဒေများကို ကျောထောက်နောက်ခံပြုပြီး ဥပဒေပါ အလုပ်သမားအခွင့်အရေးများကို ရရှိခံစားနိုင်စေရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊

ယနေ့ကမ္ဘာကြီးတွင် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုပြဿနာသည် အဓိကအခန်း ကဏ္ဍက ပါဝင်နေပြီး ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် အလုပ်အကိုင်များအပေါ် များစွာ သက်ရောက်မှုရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ကပ်ရောဂါနှင့် နိုင်ငံရေး အခြေအနေများကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးခဲ့ရပြီး အလုပ်အကိုင်များအပေါ် များစွာ သက်ရောက်မှုရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော်၏ တာဝန်ယူပြီး နောက်ပိုင်းတွင် မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ပြီး စီးပွားရေး ဦးတည်ချက်(၃)ရပ်ကို ချမှတ်၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာ၍ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရမှုများ နည်းပါးလာမည်ဖြစ်ကြောင်း၊

လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုကို စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်နေကြရပြီး အလုပ်လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိရန်နှင့် သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်ကြောင်း ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းအလုပ်အကိုင်နှင့်ပတ်သက်၍ အလုပ် ရှာဖွေနေသူများအား ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်၍ အလုပ်ရှင်များက ရွေးချယ်ခန့်အပ်နိုင်ရန် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတွင် ခရိုင်နှင့်မြို့နယ် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး(၈၉)ရုံး ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း ။

ကိုဗစ်-၁၉ ကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ပုံစံအသစ်များ ပြောင်းလဲပြီး Digital Platform သည် အလုပ်သမားဈေးကွက်အတွက် အခြေခံလိုအပ်ချက်ဖြစ်လာသည့် အတွက် Digital သို့ လျင်မြန်စွာပြောင်းလဲမှုတွင် အလုပ်သမားများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ပြောင်းလဲလာသည့် Digital အလုပ်အကိုင်အသစ်များတွင် လုပ်ကိုင်နိုင်ရန် လိုအပ်သည့် ကျွမ်းကျင်မှုအသစ်များ (New Skills) ကို လေ့ကျင့်သင်ယူတတ်မြောက်ရန်နှင့် ဘဝတစ်သက်တာ သင်ယူမှုတို့ကို တိုးမြှင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

ယခု အလုပ်အကိုင်ပြပွဲတွင် အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များအတွက် သင့်လျော်သော အလုပ်အကိုင်နှင့် အလုပ်သမားများကို ရွေးချယ်နိုင်ပြီး အကျိုးဖြစ်ထွန်းစေမည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် မှ အမှာစကားပြောကြားရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က ဈေးကွက်စီးပွားရေးစနစ်ကို တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍  တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရန်၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အားပေး ကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင် နိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် လမ်းညွှန်မှာကြားထားသည့်အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိမိတို့တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မြင့်မားရေးနှင့် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများအား ကြိုးပမ်းဆွဲဆောင်လျက်ရှိကြောင်း၊

          မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေကြီးအတွင်းရှိ လူငယ်များအတွက်  အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန် အသက်မွေးပညာသင်တန်းများဖွင့်လှစ်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ရေးရာကော်မတီအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ အား ကစား၊ စာပေအနုပညာနှင့် ယဉ်ကျေးမှု စသည့်ကိစ္စရပ်များကို လူငယ်များအတွက် ဆောင်ရွက်ပေး လျက်ရှိသည့်အပြင် လူငယ်များ၏ ဘဝရပ်တည်ရေးအတွက် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ လုပ်ငန်းကော်မတီအနေဖြင့်လည်း အသက် မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးပြီး သင်တန်းဆင်းသူများကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက် ပေးနေပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကြီး ကျင်းပပေးသည့်အတွက် မန္တလေးမြို့ပေါ်ရှိ လုပ်သားလိုအပ်နေသည့် အလုပ်ရှင်များနှင့် အလုပ်ရှာဖွေနေသည့် လူငယ်များအတွက် တစ်နေရာ တည်းတွင် မိမိတို့နှင့်ကိုက်ညီနှစ်သက်သည့် အလုပ်အကိုင်များကို ရွေးချယ်ခွင့်ရမည်ဖြစ်ကြောင်း၊ အလုပ်ရှာဖွေသူများနှင့် အလုပ်ရှင်များ နှစ်ဦးနှစ်ဘက် အကျိုးများစွာ ရရှိသည့်အတွက် အလုပ် အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပနိုင်ခြင်းအား အထူးဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ပါဝင်ပြသသော ကုမ္ပဏီများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြပွဲအား အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့် အလမ်းပြပွဲ (Job Fair)တွင် အလုပ်လာရောက်လျှောက်ထားသူများ၊ ပြပွဲတွင်ပါဝင်ပြသသော ကုမ္ပဏီများ၊ လုပ်ငန်းများအား  လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

 အဆိုပါပြပွဲတွင် ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အကျိုးဆောင်အေဂျင်စီ များနှင့် ကုမ္ပဏီစုစုပေါင်း (၃၅) ခု ပါဝင်ပြသခဲ့ပါသည်။