အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရန်ကုန်                                                                                                အောက်တိုဘာ ၁၇  

          ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင်အေးချမ်းသာယာရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်စေရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ကနောင်ခန်းမ၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက် အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်များနှင့် စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၆၆  ဦး တက်ရောက်ကြသည်။

            ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ စက်ရုံ၊ အလုပ်ရုံ များ ပုံမှန်လည်ပတ်နိုင်ခြင်းသည် တိုင်းပြည်၏ စီးပွားရေးလည်ပတ်မှု၊ ပြည်ပ ပို့ကုန်မှ နိုင်ငံခြားငွေ ရရှိမှုနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ၏ ကုန်ကြမ်းဈေးကွက်တည်ငြိမ်မှု တို့အတွက် လွန်စွာ အရေးပါကြောင်း၊ စက်ရုံများ လည်ပတ်မှု မပြတ်တောက်စေရန် အစိုးရအနေဖြင့် ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်း တည်မြဲရေးနှင့် လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် ဝန်ကြီးဌာနအနေဖြင့် မျက်ခြေ မပြတ် စောင့်ကြည့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အလုပ်ရှင်များဘက်မှလည်း အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် တင်ပြချက်များကို အလေးထားဖြေရှင်းပေးခြင်း၊ အလုပ်သမားများဘက်မှလည်း တာဝန်သိမှု၊ တာဝန်ရှိမှုဖြင့် စက်ရုံ၏ စည်းကမ်းချက်များကို လိုက်နာကာ လုပ်ငန်းခွင်အေးချမ်း သာယာရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ အလုပ်ရှင်၊ အလုပ် သမားနှစ်ဦးနှစ်ဖက်လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ခြင်းအား ဖြင့် စက်ရုံများ ပုံမှန်လည်ပတ်၍ လုပ်ငန်းခွင်အေးချမ်းသာယာပြီး အလုပ်အကိုင်အခွင့်အလမ်းများ စဉ်ဆက်မပြတ် ရရှိသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လုပ်ငန်းဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံနေသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိကောင်စီဝင်အဖွဲ့ဝင်တစ်ဦးမှ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအား ကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြား ခြင်းနှင့် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ Mobile Training Bus ဖြင့် အလုပ် သမားရေးရာ ဥပဒေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်သက်သာ ချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသိပညာပေးဆောင်ရွက်နေမှုအား ကြည့်ရှု အားပေးခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ လှိုင်သာယာ      မြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ Tsang Yih Co.,ltd ဖိနပ်စက်ရုံတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်  ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ ဝင်များနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ၏ အခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း စဉ်ဆက်မပြတ် ဆေးကုသဆောင်ရွက်ပေးနေမှု  အခြေအနေများကို ရှင်းလင်းပြောကြားပြီး လူမှုဖူလုံရေး အကျုံး ဝင် အာမခံအလုပ်သမားများကို လုပ်ငန်းခွင်အတွင်း စွမ်းအားပြည့်လုပ်ငန်းဆောင်ရွက်နိုင်ရေး ရွေ့လျားဆေးကုသယာဉ်ဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး ခဲ့ပါသည်။

အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များပါဝင်သော ရွေ့လျားဆေးကုသရေး အဖွဲ့သည် အဆိုပါစက်ရုံရှိ အာမခံအလုပ်သမားများအား လိုအပ်သောဆေးကုသမှုများ၊ ဓာတ်ခွဲ စစ်ဆေးမှုများ၊ ECG ဖြင့် နှလုံးစမ်းသပ်စစ်ဆေးမှုများနှင့် လိုအပ်သော ဆေးဝါးများ ထောက်ပံ့ခြင်း  နှင့် မျက်စိစမ်းသပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ပါသည်။

          လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ရာ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အကျုံးဝင်အာမခံအလုပ်သမား ၁,၀၂၉,၅၆၃ ဦး တို့ အတွက် ရွေ့လျားဆေးကုသယာဉ် (၂)စီးဖြင့် ကွင်းဆင်းဆေးကုသမှုကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အာမခံအလုပ်သမားလူနာဦးရေ (၁၃၆,၁၃၀)ဦး နှင့် ၄/၂၀၂၆ လမှ ၉/၂၀၂၆ လအထိ အာမခံအလုပ်သမားလူနာဦးရေ (၈၄,၂၀၇)ဦးတို့အား စက်ရုံ၊ အလုပ်ဌာန အရောက် ကွင်းဆင်းဆေးကုသမှုကို  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်