နေပြည်တော် အောက်တိုဘာ ၁၄
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ရန်ကုန်မြို့ အခြေစိုက် ဆော်ဒီအာရေဗျနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr.Maziad Mohammed Maziad M.Alhowishan နှင့် သံရုံးအရာရှိများအား ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက် နေ့လယ် (၁၃:၀၀) နာရီတွင် ပြည်ထောင်စုဝန်ကြီး၊ ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လာရောက်တွေ့ဆုံမှုအား ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား အလုပ်သမားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု၌ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ကို ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များတွင် သဘောတူညီချက် ချုပ်ဆိုနိုင်ရေးကို ကြိုဆိုပါကြောင်း၊ အာဆီယံနိုင်ငံများသို့ အလုပ်သမားများစေလွှတ်မှုများ ရှိသကဲ့သို့ ဆော်ဒီအာရေဗျနိုင်ငံသို့လည်း စေလွှတ်မှုများ ရှိပါကြောင်း၊ လုပ်သားစေလွှတ်ရာတွင် မိမိတို့နိုင်ငံသားများအတွက် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေများ၊ လုပ်ခလစာရရှိမှု၊ လူနေမှု အဆင့်အတန်းနှင့် နေထိုင်မှုကုန်ကျစရိတ်များကို ကြည့်ရှုပြီး သဘောတူညီချက် ချုပ်ဆိုနိုင်ရေး စဉ်းစားဆောင်ရွက်ပါကြောင်း၊ မိမိတို့နိုင်ငံသားများ၏ အလုပ်သမားအခွင့်အရေး ပြည့်ဝစွာရရှိရေး၊ လုပ်ခလစာ ကောင်းမွန်စေရေးကို အဓိကထား ဆောင်ရွက်လျက်ရှိသောကြောင့် နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေပါကြောင်း၊ မိမိတို့နိုင်ငံမှလုပ်သားများ ဆော်ဒီအာရေဗျနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရာတွင် ဘေးကင်းလုံခြုံပြီး ရပိုင်ခွင့်များ အပြည့်အဝရရှိစေမည့် စနစ်တကျစေလွှတ်နိုင်ရေးအတွက် လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။
နှစ်နိုင်ငံတွေ့ဆုံမှုတွင် နှစ်နိုင်ငံလုပ်သားစေလွှတ်ခြင်းကဏ္ဍများအပေါ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်မြို့ အခြေစိုက် ဆော်ဒီအာရေဗျ နိုင်ငံသံရုံးမှ သံရုံးအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

