အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော် စက်တင်ဘာ  ၁၄

ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားများအားနိုင်ငံသားစိစစ်ခြင်းနှင့်ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်း၊ အလုပ်သမားသက်သေခံကဒ်ထုတ်ပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် ထိုင်းနိုင်ငံရှိ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးများတွင် သွားရောက် တာဝန် လဲလှယ်ထမ်းဆောင်ကြမည့် အရာထမ်း/အမှုထမ်းများ အား သြဝါဒအမှာစကားပြောကြားခြင်းအခမ်းအနားကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့နေလည်(၁)နာရီ တွင် အလုပ်သမား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ကော်မတီဝင် ဒုတိယ ဝန်ကြီးများနှင့် ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သြဝါဒ အမှာစကားပြောကြားရာတွင် ယခုသွားရောက် တာဝန်ထမ်း ဆောင်မည့်အဖွဲ့သည် နိုင်ငံတော်အစိုးရ ကိုယ်စားပြု တာဝန်ထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့သွားရောက် တာဝန်ထမ်းဆောင်ရန်အတွက်ယခုအဖွဲ့သည်တတိယ အကြိမ်မြောက်စေလွှတ်ခြင်းဖြစ်ပြီး(၃)လခန့် တာဝန်ထမ်းဆောင်ကြရမှာ ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်ဆောင်ရွက်မှု များသည် အောင်မြင်မှုများရရှိနေကြောင်း၊ ထိုင်းနိုင်ငံတွင် အလုပ်သမား (၂)သန်းကျော်ရှိရာ (၁)သန်းကျော် ခန့် အထောက်အထားများရရှိအောင်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံတွင်သွားရောက် တာဝန်ထမ်းဆောင်သည့် အရာထမ်း၊ အမှုထမ်းများသည် ထုတ်ပြန်ထားသည့် တည်မြဲအမိန့်နှင့် ညှွန်ကြားချက်များကို လိုက်နာကြရန်နှင့် ထိုင်းနိုင်ငံမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကိုလည်း လိုက်နာကြရန်လိုအပ်ကြောင်း၊မိမိတို့၏လုံခြုံရေး ကိုလည်းဂရုစိုက်ကြရန်လိုအပ်ကြောင်း၊ယခုအချိန်တွင်ထိုင်းနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် ရှွေ့ပြောင်း အလုပ်သမားများ၏ အကျိုး စီးပွားအတွက် အမျိုးသားရေးတာဝန်အဖြစ်ခံယူ၍အတတ်နိုင်ဆုံးကာကွယ်စောင့်ရှောက် ကြရန်လိုအပ်ကြောင်း၊ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သောနိုင်ငံ့ဝန်ထမ်းများဖြစ်စေရန်ကြိုးစားဆောင်ရွက် သွားကြ ရန်လိုအပ်ကြောင်းမှာကြားပါသည်။

ဆက်လက်ပြီးပည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီဒုတိယဥက္ကဋ္ဌနယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးမှ အမှာစကား ပြောကြားရာတွင် ယခုလုပ်ငန်းစဉ်သည် အောင်မြင်သောလုပ်ငန်း စဉ်ဖြစ်ပြီး ပြည်သူလူထုအတွက် အကျိုးရှိသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ယခုအဖွဲ့ ထိုင်းနိုင်ငံသို့ သွားရောက်ခြင်းသည် တတိယအကြိမ်မြောက်သွားရောက်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊အခက်အခဲများကို ကျော်ဖြတ်ပြီးအောင်မြင်စွာ
ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ပြည်ထောင်စုအစိုးရ၏တာဝန်ကိုကိုယ်စားသွားရောက်တာဝန်ထမ်းဆောင်ခြင်း ဖြစ်
သည့်အတွက်ဆောင်ရွက်မှုမှန်သမျှ အလေးအနက်ထားဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊မိမိနိုင်ငံသားများ ၏ အကျိုးစီးပွားကို ရှေးရှုပြီးဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် အလုပ်သမားများ၏ သားသမီးများအတွက် အထောက် အထားဖြစ်သော Certificate of Identity (C of I)ရရှိရေးလုပ်ငန်းစဉ်များကိုလည်းဆက်လက်ဆောင်ရွက်ရ မှာဖြစ်ကြောင်းပြောကြားပါသည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအား အထောက်အထားများထုတ်ပေးနိုင်ရေးအတွက် တတိယ အကြိမ်မြောက်စေလွှတ်မည့်လုပ်ငန်းအဖွဲ့(၆)ဖွဲ့အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကင်း)၌ထိုင်းနိုင်ငံ
ရောက် မြန်မာအလုပ်သမားများကူညီစောင့်ရှောက်ရေး လုပ်ငန်းစဉ်များဆိုင်ရာ မွန်းမံသင်တန်းအား (၃)ရက်ကြာ ဖွင့်လှစ်ပေးခဲ့ပါသည်။အဆိုပါသင်တန်းတွင်နိုင်ငံသားစိစစ်ခြင်းယာယီမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းနှင့် ပြည်ပ အလုပ်အကိုင်အလုပ်သမားမှတ်ပုံတင်ကဒ်ပြားထုတ်ပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ လုပ်ထုံး လုပ်နည်းများ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း မြန်မာအလုပ်သမားများဆိုင်ရာသတင်းအချက်အလက်များ၊ ရွှေ့ပြောင်းအလုပ်သမားများအား ကာကွယ်စောင့်ရှောက်ရေး၊ လူကုန်ကူးမှုကာကွယ်စောင့်ရှောက်ရေး၊ငွေကြေးစာရင်းရှင်းတမ်းများလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ဝန်ကြီးဌာန များနှင့်တာဝန်ရှိသူများက သင်တန်းပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။