အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ထိုင်းနိုင်ငံ၊ လရောင်မြို့ Amata စက်မှုဇုန်ရှိ Tachiang Co., Ltd. ဆောက်လုပ်ရေးလုပ်ငန်းခွင်၌အလုပ်လုပ် ကိုင်နေ သော မြန်မာအလုပ်သမား မောင်စောင်ရီ သည် ၃၁-၁၂-၂၀၁၃ ရက်နေ့တွင် စက်ရုံအနီး၌ အရက်ဝယ်ယူစဉ် ဆိုင်ပိုင်ရှင်နှင့် အငြင်းအခုံ ဖြစ်ပွားခဲ့ရာတွင် ထိုင်းနိုင်ငံသားများ၏ ၀ိုင်းရိုက်ခြင်းခံရသဖြင့် မောင်စောင်ရီ သည် မျက်နှာတွင် ထိုးကြိတ်ခံခဲ့ရပြီး၊ မောင်ထွန်းမှာ ထိုင်းနိုင်ငံသားများမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားရာတွင် မြန်မာအလုပ်သမား ၁၂၈ ဦး မှာ တုတ်၊ ဓါးများ ကိုင်ဆောင်ဖျက်ဆီးခဲ့သောကြောင့် ထိုင်းနိုင်ငံ၏ လက်နက်ကိုင်ဆောင်မှု ဥပဒေအရ ထိုင်းရဲများမှ ဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိပါသည်။
အဆိုပါလုပ်ငန်းတွင် မြန်မာအလုပ်သမား ၂၄၀ ဦးခန့်၊ ကမ္ဘောဒီယား အလုပ်သမားနှင့် ထိုင်း အလုပ်သမား ၁၀၀ ဦးခန့်၊ စုစုပေါင်း ၃၄၀ ဦးခန့် အလုပ်လုပ်ကိုင်လျက်ရှိပြီး ပုလဲမိုး၊ ရွှေရည်ဖြိုးအောင်နှင့်ယွန်းနဒီဦး ပြည်ပအလုပ်အကိုင်အေဂျင်စီတို့မှစေလွှတ် ထားသော အလုပ်သမားများဖြစ်ကြောင်း သိရှိရပါသည်။
အလုပ်သမားသံအရာရှိ နှင့် သက်ဆိုင်ရာ အေဂျင်စီများမှ အလုပ်သမား ၁၂၁ ဦးတို့အား တွေ့ဆုံဖြေရှင်းပေးရာတွင် ၄င်းတို့သည် အလုပ်ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိတော့ဘဲ မြန်မာနိုင်ငံသို့သာ ပြန်လိုသောကြောင့် ၃-၁-၂၀၁၄ ရက်နေ့တွင် မဲဆောက်မြို့မှတဆင့် ပို့ဆောင်ခဲ့ရာ မြ၀တီရှိ ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တို့ မှ လက်ခံကြိုဆိုခဲ့ပါသည်။ ထို့ပြင်ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့်အထောက်အထားမဲ့ အလုပ်သမား(၃)ဦးမှာလည်း မြန်မာနိုင်ငံသို့ ပြန်လိုသဖြင့် ၄င်းတို့အား ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။ ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားမောင်စောင်ရီ နှင့် မောင်ထွန်းတို့အား ဆေးကုသစရိတ်အား အလုပ်ရှင်မှ ကျခံပေးခဲ့ပြီး မြန်မာအလုပ်သမားများ ဖျက်ဆီးခဲ့သော ဆုံးရှုံးမှုများအတွက် သက်ဆိုင်ရာ မြန်မာအေဂျင်စီများမှ ကျခံပေးလျော်ကာ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။