ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ ကုမ္ပဏီ(အေဂျင်စီ) ၁၈၂ ခုအနက် မလေးရှား နိုင်ငံသို့ အေဂျင်စီ ၁၇၅ ခုမှ အလုပ်သမားများကို စေလွှတ်လျက်ရှိပါသည်။ ၂၃-၁၂-၂၀၁၃ ရက်နေ့၌ မလေးရှားနိုင်ငံ၊ ဆာရာဝပ်ပြည်နယ်၊ မီရီမြို့ရှိ SHIN YANG SHIPYARD (2) ကုမ္ပဏီ၏ သင်္ဘောကျင်းတွင် အင်ဒိုနီးရှားအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ခိုက်ရန်ဖြစ်ပွားခဲ့ သည့် အလုပ်သမားရေးရာကိစ္စကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ မလေးရှားနိုင်ငံဆိုင်ရာမြန်မာသံရုံး၊ အလုပ်သမား သံအရာရှိ၊ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာမြန်မာအေဂျင်စီတို့မှ တာဝန်ရှိသူများသည် ဖြစ်လျှင်ဖြစ်ချင်း ပူးပေါင်းပါဝင်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြပါသည်။ အဆိုပါ အလုပ်သမား ၉၈ ဦးအနက် အလုပ်သမား ၈၉ ဦးသည် ဆက်လက်လုပ်ကိုင်လိုသည့် ဆန္ဒမရှိတော့သဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုကြပြီး အလုပ်သမား ၉ ဦးသည် SHIN YANG SHIPYARD (1) ကုမ္ပဏီသို့ ၃၁-၁၂-၂၀၁၃ ရက်နေ့၌ ပြောင်းရွှေ့ကာဆက်လက်အလုပ်လုပ်ကိုင်လျက် ရှိပါသည်။ အလုပ်သမား ၈၉ ဦး အနက်မှ အလုပ်သမား ၆၅ ဦးသည် ၈-၁-၂၀၁၄ ရက်နေ့၌လည်းကောင်း၊ အလုပ်သမား ၂၀ ဦးတို့သည် ၉-၁-၂၀၁၄ရက်နေ့၌ လည်းကောင်း မြန်မာနိုင်ငံသို့ပြန်လည် ရောက်ရှိခဲ့ကြပြီး မောင်ကျော်လင်းထွန်း မောင်နိုင်မျိုးထွန်း၊ မောင်လင်းဇော်ထွန်းနှင့် မောင်စည်သူ ကို ၄ ဦးတို့သည်မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်တွင် ထွက်ပြေး သွားခဲ့ကြပါသည်။
မြန်မာအလုပ်သမားများသည် မိမိဆန္ဒအရ စာချုပ်သက်တမ်းမပြည့်မီ ပြန်လာလိုခြင်း ဖြစ်သဖြင့် အလုပ်ရှင်၊အလုပ်သမား သဘောတူစာချုပ်စည်းကမ်းအရ အလုပ်သမားများ ပေးလျော်ရမည့် ငွေကြေးများကို ဖြေရှင်းရေးအဖွဲ့၏ ဆွေးနွေးပေးချက် အရ လစာ၏ တစ်ဆခွဲ လျော်ကြေးကို အလုပ်ရှင်အား ပေးရန်မလိုဘဲပြန်ခွင့်ပြုခဲ့ပြီး လျော်ကြေးရန်ပုံငွေ၊ လူမှုဖူလုံရေးရန်ပုံငွေ၊ ဆေးကုသရေးရန်ပုံငွေများကို မလေးရှားအေဂျင့်များမှ ပေးသွင်းခဲ့ပါသည်။ Levy ကျန်ငွေပေးသွင်းရန် နှင့် အပြန်လေယာဉ်လက်မှတ်ခများကို သက်ဆိုင်ရာမြန်မာအေဂျင်စီများမှ (၃၀၀၀၀၀၀ိ/-) (ကျပ်သိန်းသုံးဆယ်တိတိ) ခန့် စိုက်ထုတ်ဆောင်ရွက်ပေးခဲ့ပါသည်။
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံနှင့် မိတ်ဆွေနိုင်ငံဖြစ်ပြီး မြန်မာအလုပ်သမား အများစုသည် အလုပ်ကြိုးစားကြသဖြင့် အလုပ်ရှင်များက အားထားရသူများဖြစ်ရာ မလေးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် များစွာ အထောက် အကူပြုသူများဖြစ်ကြ သည်ဟု ယူဆထားကြပါသည်။ ယခုဖြစ်စဉ်တွင် အလုပ်သမားများ၏ ဆန္ဒအတိုင်းဖြစ်လာစေရန် မလေးရှားအလုပ်ရှင်နှင့် အချိန်ယူညှိနှိုင်းခဲ့ရပြီး မြန်မာအေဂျင်စီများမှလည်း ငွေကြေးကုန်ကျစရိတ်များ ရှိခဲ့ကြ ပါသည်။ ယခုကဲ့သို့ မိမိနိုင်ငံသို့ ပြန်ကြမည်ဟုပြောဆိုပြီးမှ ထွက်ပြေးခဲ့ခြင်းကြောင့် နောင်တွင် မိမိတို့၏ အလုပ်သမားများအပေါ် ယုံကြည်မှုအားနည်းလာပြီး သံသယရှိလာနိုင်သဖြင့် အလုပ်သမားများအနေဖြင့် နောင်တွင် ယခုဖြစ်စဉ်မျိုးမဖြစ်အောင် ဂရုပြုရန်လိုအပ်လာကြောင်း သိရှိရပါသည်။

