အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် သုခစုစံကုမ္ပဏီမှ ပထမအကြိမ်အလုပ်အကိုင် အခွင့်အလမ်း ပြပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ကျန်စစ်သားလမ်းရှိ သုခစုစံကုမ္ပဏီ၏ သင်တန်းကျောင်းဝင်းတွင် ၁၈-၁-၂၀၁၄ ရက်နေ့တွင် ကျင်းပရာ ရှေးဦးစွာ သုခစုစံကုမ္ပဏီ ဥက္ကဋ္ဌ ဦးချမ်းသာ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် မှ အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူလူထု ဆင်းရဲမှုလျှော့ချနိုင်ရေးအတွက် အလုပ်လုပ်နိုင်သူတိုင်း အလုပ်အကိုင်ရရှိရန်နှင့်သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင် ရရှိရေးကိစ္စသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ လုပ်သားအင်အား ကို စနစ်တကျနှင့် အကျိုးရှိစွာအသုံးချရန် အမှန်တကယ်အလုပ်လုပ်လိုသူများကိုကာင်းမွန်သင့်လျော်သောလုပ်ငန်းခွင်များတွင်နေရာချ ထား ပေးရန်၊ စည်းကမ်း ကောင်းမွန်ပြီး စွမ်းဆောင်ရည်ထက်မြက်သော လုပ်သားများ စဉ်ဆက်မပြတ် ပေါ်ထွန်းရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးတို့သည် အဓိကဆောင်ရွက်ရမည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊
ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာရေး၊သင့်တင့်လျောက်ပတ်စွာအလုပ်အကိုင်နေရာချထားရေး၊ လုပ်သား များနှင့်ပတ်သက်သည့်လုပ်ငန်းခွင်ကျွမ်းကျင်မှု အတွက်လေ့ကျင့်ပေးရေး၊ ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး စသည့်ရည်မှန်းချက်များကိုချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပြည်တွင်း အလုပ်အကိုင်ဖန်တီးပေးနိုင်ရန်အတွက် ဆောင်ရွက်ပေးနေသကဲ့သို့ ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများပိုမိုဖန်တီးပေးနိုင်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ ကျင်းပပေးပြီး ကျေးလက်နှင့်မြို့ပြပါမကျန် အလုပ်အကိုင်ရှာဖွေသူများကို အလုပ်ရှင်များနှင့် တိုက်ရိုက်ဆက်သွယ်ပေးသည့် နည်းဖြင့် နိုင်ငံသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးကို ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ရန်ကုန်တိုင်းဒေသကြီး သည် စက်မှုမြို့တော် ဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ GDB တွင် ရန်ကုန်တိုင်းဒေသကြီး က အများဆုံးဖော်ဆောင်ပေးနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းစက်မှုဇုန် ၂၉ ဇုန်ရှိပြီး လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များတွင်စက်ရုံ၊အလုပ်ရုံပေါင်း ၈၆၀ ခန့်ရှိခြင်းကြောင့် အလုပ်သမားလိုအပ်ချက်များ ရှိနေ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲများသည် အလုပ်သမားလိုအပ်သော အလုပ်ရှင်နှင့် အလုပ်ရှာဖွေနေသော အလုပ်သမားများအတွက် များစွာအထောက်အကူဖြစ်စေကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင် နှင့် သုခစုစံကုမ္ပဏီ ဥက္ကဋ္ဌ ဦးချမ်းသာတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ပြပွဲ မုဒ်ဦးဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပါသည်။
ယနေ့ပြပွဲတွင် ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံပေါင်း ၄၄ ခုမှ ပြခန်းပေါင်း ၅၀ ခင်းကျင်းပြသထားပြီး ဇန်န၀ါရီလ ၂၀ ရက်နေ့အထိ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယနေ့ပြပွဲစတင်ကျင်းပသည့်နေ့တွင်ပင် အလုပ်လာရောက်လျှောက်ထားသူများ အနက် ၆၇၄ ဦး အား One Stop Services ဖြင့် အလုပ်ခန့်ထားနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

