အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းအသုံးပြုသူများ၏အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉းဝ၀)နာရီ တွင် နေပြည်တော် ရုံးအမှတ် (၅၁)၊ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ ၌ကျင်းပရာ အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကပင်မ အရင်းအမြစ်ဖြစ်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်လည်းဖြစ်ကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်း များဖော်ထုတ် အသုံးပြုရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး စီမံကိန်းများ အတွက် အထောက်အကူပြုသည့်လုပ်ငန်းရပ်တစ်ခုအဖြစ် မိမိတို့ဝန်ကြီးဌာနအနေဖြင့်အလေးထားစီစဉ်ဆာင်ရွက်နေကြောင်း၊ လူ့စွမ်းအားဆိုင်ရာစီမံကိန်းများကို စနစ်တကျရေးဆွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် တိကျမှန်ကန်ပြီး၊ ယုံကြည်ကိုးစားလောက်သော လူ့စွမ်းအားဆိုင်ရာ စာရင်းအင်းအချက်အလက်များရရှိ ရန်အထူးလိုအပ်ကြောင်း၊ စီမံကိန်းနှင့် စာရင်းအင်းအချက်အလက်များသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး စီမံကိန်းများအောင်မြင်ရေးသည် မူလအခြေပြုထားသော စာရင်းအချက်အလက် ပေါ်တွင်မူတည်နေကြောင်း၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ်ပြုစု ထုတ်ဝေခြင်း ၏ အကျိုးရလဒ်မှာ စာရင်းအင်းဆိုင်ရာသတင်းအချက်အလက်များသည် ဌာနဆိုင်ရာများ၏ ဆုံးဖြတ်ချက်ချမှတ် လုပ်ဆောင်ရမည့်လုပ်ငန်းများတွင်လက်တွေ့အထောက်အကူပြုစေနိုင်ကြောင်း၊ အချိန်နှင့်တပြေး ညီမှန်ကန်ကိုက်ညီမှုရှိသည့် ကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံတစ်နိုင်ငံ၊ အဖွဲ့အစည်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုများကို မီးမောင်းထိုးပြနေကြောင်း၊ မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုး တိုးတက်မှုရှိနေသည်ကို ယခုစာအုပ်တွင်ပါသော အညွှန်းကိန်းများကို ကြည့်ခြင်းအားဖြင့် တွေ့ရှိနိုင် မှာဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသွားပါသည်။
အခမ်းအနားသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းနှင့်သက်ဆိုင်သော ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းများ လက်စွဲစာအုပ် ပုံမှန်ပြုစုထုတ်ပြန်နိုင်ရေး အထောက်အကူပြုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ အညွှန်းကိန်းနှင့်သက်ဆိုင် သောဌာနများမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း(၆၀)ဦးခန့်တက်ရောက်သည်။

လူ့စွမ်းအား ဖွံ့ဖြိုးမှုအညွှန်းကိန်းများနှင့်ပတ်သက်၍ စာရင်းအင်းဆိုင်ရာ အချက်အလက် များနှင့်ဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကိုဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေပိုင်းတွင် ရုပ်သိမ်း လိုက်ကြောင်းသတင်း ရရှိပါသည်။