အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် သုခစုစံကုမ္ပဏီမှပထမအကြိမ်ပြည်ပအလုပ်အကိုင် အခွင့်အလမ်းပြပွဲ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းရှိ သုခစုစံကုမ္ပဏီ၏ သင်တန်းကျောင်းဝင်းတွင် ၂၆-၁-၂၀၁၄ ရက်နေ့ နံနက်(၁၀းဝ၀)နာရီအချိန်၌ ကျင်းပရာအခမ်းအနားသို့ အလုပ်သမား၊အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး နှင့် မွေးမြူရေး ဝန်ကြီးဦးစိုးမင်း၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော် များနှင့်ပြခန်း ကုမ္ပဏီများ မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
ဖွင့်‌ပွဲအခမ်းအနားတွင် သုခစုစံကုမ္ပဏီ ဥက္ကဌ ဦးချမ်းသာမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အလုပ်သမား၊အလုပ်အကိုင် နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဦးစိုးမင်းတို့မှ အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင်ယနေ့အခါ၌ကမ္ဘာကြီးတွင် အလုပ်အကိုင် ရှားပါးမှုပြဿနာကြုံနေ ရကြောင်း၊ မြန်မာနိုင်ငံ၌လည်းအလုပ်အကိုင်ရရှိနိုင်ရန် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များချမှတ်၍ ဆင်းရဲမှုလျော့ချရေး၊ အလုပ်လုပ်နိုင်သူများ၎င်းတို့နှင့်သင့်လျော်သည့် အလုပ်အကိုင်ရရှိရေး အတွက်ဆောင် ရွက်ပေးလျက် ရှိကြောင်း၊ အဓိက အားဖြင့် လုပ်သားအင်အားကို စနစ်တကျအသုံးချရန်၊ ကျွမ်းကျင်သည့် အလုပ်သမားများမွေးထုတ်ပေးရန်၊ အလုပ်အကိုင်ဆိုင်ရာ အတတ်ပညာကျွမ်းကျင်သူများအား ၄င်းတို့နှင့်သင့်လျော်သည့် အလုပ်အကိုင်များရရှိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊၂၀၁၂ ခုနှစ် ကုလသမဂ္ဂ၏ အစီရင်ခံစာအရကမ္ဘာပေါ်၌ ရွှေ့ပြောင်း လုပ်သားသန်း(၂၄၀)ကျော်ရှိကြောင်း၊ ၂၀၅၀ ပြည့်နှစ်အရောက်၌ ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းလုပ်သား သန်း(၄၀ဝ)ခန့်ရှိလာနိုင်ကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာဖွံ့ဖြိုးပြီး နိုင်ငံများတွင် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီးလုပ်အားခများမြင့်တက်လာသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် မဖွံ့ဖြိုးသေးသော နိုင်ငံများမှ လုပ်သားများ အတွက် အလုပ်အကိုင်နေရာချ ထားပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ ၌ ပြည်တွင်းလုပ်သားဈေးကွက် လိုအပ်ချက် အားဖြည့်ဆည်းရန် နှင့် ပြည်ပလုပ်သားလိုအပ် ချက်ဖြည့်ဆည်းရန် အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ၌ မြန်မာနိုင်ငံတွင် ပြည်ပအလုပ်အကိုင်အေဂျင်စီ (၁၈၀)ကျော် အားတရားဝင် ဖွင့်လှစ်ထားပြီးဖြစ်၍ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ပါကတရားဝင်အေဂျင်စီများမှတဆင့် သွားရောက်လုပ်ကိုင်ရန်ဖြစ်ကြောင်း၊ အေဂျင်စီများအနေဖြင့်လည်းတစ်ဘက်နိုင်ငံမှ အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက် ရာတွင် ထိုနိုင်ငံ၏ စက်ရုံ၊အလုပ်ရုံများရှိ အလုပ်ရှင်အစစ်မှန်များနှင့် ဆက်သွယ်ဆောင်ရွက်ရန် အရေးကြီးပြီး မြန်မာ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်ဖြစ်ကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့်ယခုအခါ ပြည်ပနိုင်ငံ (၁၅)နိုင်ငံသို့ အလုပ်သမားများစေလွှတ်နေပါကြောင်း၊မကြာမီအရှေ့အလယ်ပိုင်း နိုင်ငံများသို့လည်းစေလွှတ်နိုင်ရေးအတွက် စီစဉ်လျှက်ရှိပါကြောင်း၊ အေဂျင်စီများနှင့် အလုပ်သမားများကို ပြောကြားလိုသည်မှာမြန်မာအလုပ်သမားများပြည်ပနိုင်ငံသို့ မထွက်ခွါခင် ထွက်ခွါမည့် နိုင်ငံ၏ ဘာသာစကား၊ ဥပဒေ၊ ဓလေ့ထုံးစံ၊ လုပ်ငန်းဆိုင်ရာအတတ်ပညာများကို သင်တန်းပေးစေလွှတ်စေလိုကြောင်း၊ ပြည်ပသို့ ကျွမ်းကျင်မှုရှိသူများကိုစေလွှတ်ရန်လိုသကဲ့သို့ ပြည်တွင်းဈေးကွက်တွင်လည်း ကျွမ်းကျင်မှုအလိုက် အလုပ်အကိုင် နေရာရရှိရန်အတွက် အစိုးရနှင့်အေဂျင်စီများ ပူးပေါင်း၍ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ခြင်းကို ဈေးကွက်တစ်ခုအနေဖြင့် ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ယခုကဲ့သို့သောပြပွဲမျိုးကို ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင်သာမကအခြားမြို့များတွင်လည်းပြသနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လိုကြောင်းပြောကြားခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဦးစိုးမင်းကပြောကြားရာတွင် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ခြင်းကြောင့် နိုင်ငံ၏ နိုင်ငံခြားဝင်ငွေရရှိခြင်း၊ ဆင်းရဲမှုလျှော့ချနိုင်ခြင်း၊ မိသားစုဝင်ငွေ တိုးတက်မှုရှိစေခြင်း၊ လုပ်သားများစွမ်းရည်မြှင့်တက်လာခြင်း၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှုနည်းစနစ်ကောင်းများရရှိနိုင်ခြင်း၊ အတတ်ပညာကိုတိုးတက်ရရှိနိုင်ခြင်း၊ အလုပ်လက်မဲ့ပြဿနာကိုဖြေရှင်းပေးနိုင်ခြင်းစတဲ့ ရည်ရွယ်ချက်များဖြင့် ယခုပြပွဲကို ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသားများသည်ကမ္ဘာအနှံ ရွှေ့ပြောင်းလုပ်ကိုင်လျက်ရှိပါကြောင်း၊ အများစုမှာ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံတို့မှာဖြစ်ပါကြောင်း၊ ထိုသို့အလုပ်လုပ်ကိုင် နေသောလုပ်သားများအတွက် နိုင်ငံတော်အနေဖြင့် လုပ်သားများအား အကာအကွယ်ပေးရေး အစီအမံများကိုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော် အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ နည်းပညာကျွမ်းကျင်မှုများနှင့် အရင်းအနှီးများရရှိစေရန် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုကို လက်ခံဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်များ၏ စက်မှုလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်းများလည်းဖွံ့ဖြိုးတိုးတက်လာအောင် အားပေးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပါသည်။
ဆက်လက်၍ အခမ်းအနားအား အလုပ်သမား၊အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဦးစိုးမင်း၊ မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးအောင်ခိုင် နှင့် သုခစုစံ ကုမ္ပဏီ ဥက္ကဌ ဦးချမ်းသာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ပြပွဲမုဒ်ဦး ဆိုင်းဘုတ် အား ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် တိုင်းဒေသကြီးဝန်ကြီး ဦးစိုးမင်းတို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ပြပွဲရှိကုမ္ပဏီပြခန်းများအားလှည့်လည်ကြည့်ရှုခဲ့ ပါကြောင်း၊ပြပွဲတွင် ပြည်ပ အလုပ် အကိုင်အေဂျင်စီပေါင်း (၄၁) ခုမှ ပြခန်းပေါင်း (၄၁) ခုပြသထားပြီးအလုပ်အကိုင်ပြပွဲအား ၂၆-၁-၂၀၁၄ ရက်နေ့မှ ၂၈-၁-၂၀၁၄ ရက်နေ့အထိ (၃) ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲစတင်ကျင်းပ သည့်နေ့မှစ၍ လာရောက်လျှောက်ထား သူပေါင်း (၁၂၅၆) ဦးရှိပါကြောင်းသတင်းရရှိပါသည်။