နေပြည်တော်၊ စက်တင်ဘာ ၃
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေကို (၃၁.၈.၂၀၁၂)နေ့တွင် နိုင်ငံတော်သမ္မတကအတည်ပြုခဲ့ ပြီးဖြစ်ရာအဆိုပါ ဥပဒေကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်လူမှုဖူလုံရေးနည်းဥပဒေများမူကြမ်းကို ပြုစုရေးဆွဲလျက် ရှိပါသည်။ ရေးဆွဲပြုစုပြီးသောနည်းဥပဒေမူကြမ်းအပေါ် အကြံပြုချက်များရယူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ တာဝန်ရှိသူများပါဝင်သည့်ညှိနှိုင်းအစည်းအဝေးကိုယနေ့ စက်တင်ဘာ ၃ ရက် နံနက် (၉း၃၀) နာရီကအလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ ပါသည်။
အစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရးမှူးချုပ်များတာဝန်ရှိသူများနှင့်ဖိတ်ကြားထားသောမိတ်ဖက်ဌာနများ ဖြစ်သည့်ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန၊ပင်စင်ဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့အာမခံ လုပ်ငန်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ကျန်းမာရေးစီမံကိန်းဦးစီးဌာန၊ တိုင်းရင်းဆေးသိပ္ပံဦးစီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ကျန်းမာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လူမှုဖူလုံရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြုစုရေးဆွဲထားသော လူမှုဖူလုံရေး နည်းဥပဒေများ(မူကြမ်း)နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီးတက်ရောက်သူများက မိမိတို့ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင် ဆွေးနွေးခဲ့ကြသည်။
ညှိနှိုင်းရရှိချက်များနှင့်အကြံဉာဏ်များအပေါ်အခြေခံ၍နည်းဥပဒေများကိုဆက်လက်ပြုပြင်ရေးဆွဲသွားမည်ဖြစ်ပါသည်။
အများပြည်သူများအနေဖြင့် ဖတ်ရှုနိုင်ရန်အတွက် www.ssbmyanmar.gov.mm website တွင် တင်ပြထားပြီး အကြံပြုချက်များပေးပို့နိုင်ကြောင်းနှင့် လူကိုယ်တိုင်အကြံပြုလိုပါကဖုန်းအမှတ် ၀၆၇-၄၃၀၀၉၆၊ ၄၃၀၀၉၈၊ ၄၃၀၀၉၉၊ ၄၃၀၁၀၀၊ ၄၃၀၁၀၂၊ ၄၃၀၁၀၄၊ ၄၃၀၁၀၅ တို့သို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း သတင်းရရှိသည်။


