အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာမြို့နယ်ပေါင်းစပ်အဖွဲ့မှ အချိန်ပိုဖိအားပေး ခိုင်းစေမှုနှင့် အခွင့်အရေးချိုးဖောက်မှုများကို ဖြေရှင်းပေးရန်၊ ခြိမ်းခြောက် ခိုင်းစေခြင်း မပြုရန်နှင့် (၃) လနီးပါးပိတ်ရက်မရှိ အချိန်ပိုအခမဲ့ဆင်းပေးရခြင်းတို့ ဖြေရှင်းပေးရန် စက်ရုံလုပ်သားများ တောင်းဆို ခြင်းနှင့် ပတ်သက်၍ ၁၅-၁၀-၂၀၂၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ Sky Fashion Myanmar Co.,Ltd အထည်ချုပ်စက်ရုံ (CMP)သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် WCC အဖွဲ့ဝင် အလုပ်သမား ကိုယ်စားလှယ် (၁) ဦးနှင့် စက်ရုံတာဝန်ရှိသူများမှ ခေါ်ပေးသူများမဟုတ်ဘဲ မြို့နယ်ပေါင်းစပ်အဖွဲ့မှ လိုင်းအလိုက် ခေါ်ယူခဲ့ သည့် အလုပ်သမား (၂၆) ဦး ‌ပေါင်း (၂၇) ဦး တို့အား တွေ့ဆုံစိစစ် မေးမြန်းခဲ့ရာ အလုပ်သမားများအား အချိန်ပို ညလုံးပေါက် (အောလင်း၊ အောနိုက်) ဆင်းခိုင်းခြင်း မရှိကြောင်း၊ နေမကောင်းသည့် အချိန်တွင် အချိန်ပိုအတင်းအကြပ် ဖိအားပေးခိုင်းစေခြင်း မရှိကြောင်း၊ စစ်ဆေးရေးအဖွဲ့လာ၍ စစ်ဆေးရာတွင် စက်လိုင်းမန်နေဂျာမှ စာရွက်ပေါ်တွင် အမှန်အတိုင်းရေးထားသည်ကို တွေ့ရှိပါက အလုပ်မှထုတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း မရှိကြောင်း၊ ဥပဒေပါ ခွင့်ဖြင့်ဖြစ်စေ၊ ခွင့်မဲ့ဖြင့် ဖြစ်စေ ခွင့်တစ်မျိုးမျိုးခံစားပါက ရက်မှန်ကြေး ဖြတ်တောက်မည်ကို စက်ရုံမှ အလုပ်သမားများအား ကြိုတင်အသိပေးထားကြောင်း၊ စက်ရုံတာဝန်ရှိသူထံ ဥပဒေအရ ရပိုင်ခွင့်ရှိသည့် ခွင့်များကို တောင်းခံပါက ခံစားခွင့်ပြုပေးကြောင်း၊ စက်ရုံတွင် ရက်မှန်ကြေး ၅၀,၀၀၀/-ကျပ် သတ်မှတ်ပေးထားပြီး ရှေ့ (၁၅) ရက်ကို ၂၅,၀၀၀/-ကျပ်နှင့် နောက် (၁၅) ရက်ကို ၂၅,၀၀၀/-ကျပ် ပေးချေကြောင်း၊ လုပ်ငန်းခွင်တွင် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းရန် အလုပ် သမားကိုယ်စားလှယ် (၃)ဦးအား မိမိတို့အလုပ်သမားများကိုယ်တိုင် မဲပေးရွေးချယ်ခဲ့ပြီး ဌာန ခေါင်းဆောင်များမဟုတ်ဘဲ အလုပ်သမားများထဲမှ  ဖြစ်ကြောင်း၊ ဆေးပေးခန်းတွင် ဆေးပစ္စည်းနှင့် သူနာပြုဆရာမ တစ်ဦးရှိကြောင်း၊ အလုပ်သမားများအနေဖြင့် နေမကောင်း၍ဖြစ်စေ၊ အရေးကြီး ကိစ္စရှိ၍ဖြစ်စေ Gate Pass တောင်းပါက စိစစ်ပြီးခွင့်ပြုထားကြောင်း စိစစ်တွေ့ရှိရပါသည်။