အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

လူမှုဖူလုံရေးအဖွဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ဆေးခန်းသစ် ဖွင့်လှစ်ခြင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လူမှုဖူလုံရေးဆေးခန်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၆-၁၂-၂၀၁၄ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် အဆိုပါဆေးခန်း၌ ကျင်းပပြုလုပ်ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းမော်ထွန်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာခင်မောင်သွင်နှင့် ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနားတွင် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က ဘီးလင်းမြို့နယ်ရှိ အာမခံအလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှုအား လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် ယခုဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း လူမှုဖူလုံရေးစီမံကိန်းကို နှစ်ပေါင်း (၆၀) ကျော် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအပြင် အလုပ် လုပ်ကိုင်နိုင်မှုမရှိသည့်အခါ ကြုံတွေ့လာမည့် ငွေကြေးအခက်အခဲများကို ကူညီဖြည့်ဆည်းပေး၍ ငွေကြေးအကျိုးခံစားခွင့်များကိုလည်း ထောက်ပံ့ပေးနေကြောင်း ၁၉၅၄ ခုနှစ် လူမှုဖူလုံရေး ဥပဒေမှာ ခေတ်နှင့်လျော်ညီမှုမရှိတော့သဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေသစ်ကို ပြန်လည် ရေးဆွဲ၍ ၂၀၁၄ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်ကျင့်သုံးဆောင်ရွက် နေပြီဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အဖွဲ့ပိုင် ဆေးခန်းများ တိုးချဲ့ခြင်းများအပြင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေး ကြိုးစားလျက်ရှိကြောင်းနှင့် လက်ရှိ ဆောင်ရွက်ပေးနေသော ဆေးကုသမှုအခြေအနေများ၊ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးနေ သည့် အခြေအနေများနှင့် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသွားပြီး မိမိတို့မှ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောက်ရှောက်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ပေးနိုင်ခြင်းအတွက် ဂုဏ်ယူကျေနပ်မိပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဦးဝင်းမော်ဦးမှ ဘီးလင်းမြို့ နယ်တွင် လူမှုဖူလုံရေးဆေးခန်းသစ်ဖွင့်လှစ်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဆေးခန်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံများကို လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းနှင့် လူမှုဖူလုံရေး ရုံးချုပ် ခေတ္တညွှန်ကြားရေးမှူးချုပ်တို့မှ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်၊ သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံ ပေးအပ်ခဲ့ ပါသည်။
အဆိုပါအခမ်းအနားသို့မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။