အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ရွှေ့ပြောင်း အလုပ်သမားများ၏အခွင့်အရေးကို ကာကွယ်ရန်ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာကောင်းမွန်သော အကျိုးသက်ရောက်မှုများကို မြှင့်တင်ရန်၊ မြန်မာနိုင်ငံနှင့်အာဆီယံဒေသအတွင်းရှိ ရွှေ့ပြောင်းသွားလာသော အလုပ်လုပ်ကိုင်နေသူများကို အသိပညာပေးခြင်းဖြင့်ကူညီစောင့်ရှောက်မှုကို မြှင့်တင်ရန်နှင့် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများနှင့် ၄င်းတို့၏မိသားစုများ၏ လူမှုစီးပွားဘဝကိုမြှင့်တင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့ အခမ်းအနားကို ၁၈-၁၂-၂၀၁၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊
ကုလသမဂ္ဂ အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက အမှာစကားပြောကြားရာ၌ အလုပ်သမားစေလွှတ်သည့်နိုင်ငံနှင့် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် နိုင်ငံနှစ်ခုစလုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ်ရွှေ့ပြောင်း အလုပ်သမားများ၏အထောက်အကူပြုမှုကို အသိအမှတ်ပြုပြီး ၄င်းတို့နှင့်မိသားစုဝင်များ၏အခွင့်အရေးအပေါ် ဂုဏ်ယူလေးစား မှုကို မြှင့်တင်ပေးနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးက ဒီဇင်ဘာ ၁၈ ရက်ကို အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများနေ့အဖြစ် သတ်မှတ်ပြီး ၂၀ဝ၀ ပြည့်နှစ်က စတင်၍ နိုင်ငံတကာတွင် အဆိုပါအခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။

ရွှေ့ပြောင်းသွားလာသူများနေ့အခမ်းအနားများတွင် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးတို့အတွက် လုပ်ငန်းအစီအစဉ်များ ရေးဆွဲချမှတ်ခြင်းနှင့် ကောင်းမွန်သည့် ကျင့်ထုံးများ မျှဝေပေးခြင်းတို့ကို ဆွေးနွေးချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
လက်ရှိအချိန်တွင် Globalization ဖြစ်စဉ်နှင့် ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးအခြေအနေ ပြောင်းလဲလာမှုများနှင့်အတူ နိုင်ငံတစ်နိုင်ငံချင်းစီ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ လူနေမှုအဆင့်အတန်းကွာဟမှု စသည့် အမျိုးမျိုးသော အခြေအနေများကြောင့် နိုင်ငံတစ်နိုင်ငံက အခြားတစ်နိုင်ငံသို့ အလုပ်အကိုင်ရှာဖွေရန် သွားရောက်ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အရေအတွက်သည် တစ်နေ့တခြား တိုးတက်များပြားလာသည်ကို မြင်တွေ့နေရပါကြောင်း၊ အလုပ်သမားစေလွှတ်သည့် နိုင်ငံများနှင့်ရောက်ရှိအလုပ်လုပ်ကိုင်သည့် နိုင်ငံများအတွက်သာမက ရွှေ့ပြောင်းအလုပ်သမားများကိုယ်တိုင် အကျိုးစီးပွားဖြစ်ထွန်းမှုများအပေါ် မူတည်
ပြီး ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ခြင်းကို အပြုသဘောဆောင်သော အမြင်တစ်ရပ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုလက်ခံလာကြပြီဖြစ်ပါကြောင်း။

နိုင်ငံတကာ ရွှေ့ပြောင်းသွားလာနေထိုင်လုပ်ကိုင်မှုသည် မည်သည့် အခါမှ ရပ်တန့်နေမည်မဟုတ်ဘဲတိုးတက်ဖြစ်ထွန်းနေမည် ဖြစ်ပါကြောင်း၊ ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ အထူးသဖြင့် ကျွမ်းကျင်မှုနိမ့်သည့် ရွှေ့ပြောင်းလုပ်သားများသည် စွန့်စားမှုများစွာကို ရင်ဆိုင်နေကြရပါကြောင်း၊ အလားတူရွှေ့ပြောင်းအလုပ်သမားများသည်အခြေခံအခွင့်အရေးနှင့် ဝန်ဆောင်မှုများကို အနိမ့်ဆုံးအဆင့်ဖြင့်သာခံစားခွင့်ရရှိနေရပြီး ခြိမ်းခြောက်အနိုင်ကျင့်ခံရခြင်း၊ ဆိုးရွားစွာအကြမ်းဖက်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် အလေးထားတန်ဖိုးထားမှုမခံရခြင်းစသည်တို့ကို ကြုံတွေ့ခံစားရလျက် ရှိပါကြောင်း။

ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေး၊ ရွှေ့ပြောင်းသွားလာမှုအတွက် လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ကုန်ကျစရိတ်များလျှော့ချနိုင်ရေး၊ ရွှေ့ပြောင်းသွားလာမှုမှ အကျိုးတရားများ အများဆုံး ရရှိနိုင်ရေးတို့အတွက်သင့်တော်ကောင်းမွန်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်ပြီး မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးအတွက် တွန်းအားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။ မိမိတို့ အစိုးရအနေဖြင့်လည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲမှု လျှော့ချရေးအတွက်
ဘက်စုံဖွံ့ဖြိုးတိုးတက်သော မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးမျိုးသောလေ့လာထားချက်များအရရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းသည် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးဆိုင်ရာ အရင်းအနှီးတိုးပွားစေရေးနှင့် ဆင်းရဲမှုလျှော့ချစေရေးတို့ကို
သိသာထင်ရှားသည့် အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုနိုင်သည်ကို အသိအမှတ်ပြုပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့်ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းအတွက် ကောင်းမွန်သည့်အခြေအနေများ ဖန်တီးပေးပြီး ရွှေ့ပြောင်းလုပ်သားများကို သားကောင်များ မဟုတ်ဘဲ အဓိကဇာတ်ကောင်များ ဖြစ်စေရန် ကြိုးပမ်းသွားရမည် ဖြစ်ပါကြောင်း။
တစ်ချိန်တည်းတွင် ပြည်တွင်းပြည်ပ အလုပ်အကိုင်၊ အခွင့်အလမ်းများတိုးတက်ဖြစ်ပေါ်စေရေးအတွက် အလုပ်ရှင်နှင့် အလုပ်သမားတစ်နေရာတည်းတွင် တွေ့ဆုံနိုင်သည့် အလုပ်အကိုင်၊ အခွင့်အလမ်းပြပွဲများကျင်းပပေးလျက်ရှိသကဲ့သို့ အရွယ်ရောက်ပြီး အလုပ်လုပ်နိုင်သူတိုင်းကောင်းမွန်သည့် အလုပ်အကိုင်ရရှိရန်၊ အလုပ်အကိုင်အမျိုးအစားသစ်များ တိုးတက်ဖြစ်ပေါ်စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပြုစုပျိုးထောင်မွေးထုတ်ပေးရန်အတွက် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကိုရေးဆွဲပြီး အတည်ပြုပြဋ္ဌာန်း ထုတ်ပြန်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့အတူ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များပေးနိုင်ရန်အတွက် ရွှေ့ပြောင်းလုပ်သားများထောက်ပံ့ကူညီပေးရေးဗဟိုဌာန
(Migrant Resource Centre) များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖွင့်လှစ်ပေးထား
ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လည်း ရွှေ့ပြောင်းအလုပ်သမားသတင်းပို့ဌာန (Migrant Workers Reporting Counter) ကို ဖွင့်လှစ်ပေးထားပြီးဖြစ်ပါကြောင်း။
ရွှေ့ပြောင်း အလုပ်သမားများတိုင်ကြားနိုင်သည့်ဌာန (Complaint Mechanism Centre) များကို နေပြည်တော်နှင့် ရန်ကုန်တို့တွင် ဖွင့်လှစ်ပြီး ပြည်တွင်း ပြည်ပ၌ အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများနှင့်ပတ်သက်သည့်ပြဿနာများကိုလည်း ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အာဆီယံ ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ပေးခြင်းဆိုင်ရာ အာဆီယံစာချုပ်(မူကြမ်း) ကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ညှိနှိုင်းအစည်းအဝေးပွဲများကျင်းပပြီး ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း။
ရွှေ့ပြောင်းသွားလာမှုသည် ၂၁ ရာစု၌ အမှန်တကယ်တစ်နေ့တခြားတိုးတက်များပြား ကြီးထွားလာသည့် ဖြစ်စဉ်တစ်ခု ဖြစ်နေသည့်အတွက်
ရွှေ့ပြောင်း အလုပ်သမားများကို တန်းတူအခွင့်အရေးပေးပြီး အားလုံးပါဝင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု
အတွက် အဓိကလုပ်ဆောင်နေသူများအဖြစ် အသိအမှတ်ပြုပြီးရွှေ့ပြောင်း သွားလာသူများအပေါ်ခွဲခြားမှုမပြုဘဲ နွေးထွေးစွာ ကြိုဆိုဆက်ဆံသွားကြရန် ပြောကြားလိုပါကြောင်း။
သန်းပေါင်းများစွာသော ရွှေ့ပြောင်းအလုပ်သမားများ၏ ရဲရင့်မှု၊စူးစိုက်လုပ်ကိုင်နိုင်သည့် ဇွဲ၊ လုံ့လနှင့်၎င်းတို့၏ ကောင်းမွန်သည့် စိတ်ကူးအိပ်မက်များကို နွေးထွေးစွာ ကြိုဆိုပြီး အသွင်အမျိုးမျိုးဖြင့် ဖွံ့ဖြိုးတိုးတက်ပြီးြွကယ်ဝချမ်းသာသောလူ့အဖွဲ့အစည်းကြီး ပေါ်ထွန်းလာရေးအတွက် ရွှေ့ပြောင်း အလုပ်သမားများ၏ အခန်းကဏ္ဍ၏အရေးပါမှုကိုဆက်လက် ထိန်းသိမ်းမြှင့်တင်ပေးရန်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးအကာအကွယ်ပေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ရွှေ့ပြောင်းသွားလာမှုဆက်လက်တိုးတက်ဖြစ်ပေါ်လာစေရန်နှင့် ၄င်းတို့ကို လူသားဆန်သည့် အကူအညီများ တိုးမြှင့်ပေးနိုင်ရန်အတွက်သက်ဆိုင်ရာ အစိုးရဝန်ကြီးဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ယင်းနောက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ဌာနေကိုယ်စားလှယ်မစ္စတာ ကီရမ်ဂေါ်မန်ဘက်စ်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း ညွှန်ကြားရေးမှူးချုပ်ထံမှပေးပို့သောသဝဏ်လွှာများကို
ဖတ်ကြားသည်။

အခမ်းအနားအပြီးတွင် ဒုတိယသမ္မတသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အဆိုပါခန်းမအတွင်းပြသထားသည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ လှုပ်ရှားမှုဓာတ်ပုံများနှင့်အလုပ်သမားများအတွက် အထောက်အထား ထုတ်ပေးရေး လုပ်ငန်းသုံးစက်ကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။