အနည်းဆုံးအခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ၏ (၄/၂၀၁၄)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဌ အလုပ်သမား၊အလုပ်အကိုင် နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်း၊အမျိုးသားကော်မတီဝင်ဌာနအသီးသီးမှ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ ၊ စာရင်းအင်းပညာရှင်များနှင့် အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင် ကိုယ်စားလှယ်များ စုစုပေါင်း (၄၄)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာအမျိုးသားကော်မတီ၊ဒုတိယဥက္ကဌ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသား ကော်မတီ ၏ ၄/၂၀၁၄ ကြိမ်မြောက်ဖြစ်ပါကြောင်း၊ အနည်းဆုံး အခကြေးငွေဥပဒေနှင့် နည်းဥပဒေ များအရအနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေးအတွက်လုပ်ငန်းစဉ်(၅)ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာမှာစာရင်းစစ်တမ်း ကောက်ယူခြင်းအပိုင်းသို့ ရောက်ရှိနေပြီးဖြစ်ပါ ကြောင်း၊မိမိတို့ဝန်ကြီးဌာနအနေဖြင့် မေးခွန်းလွှာ များဖြန့်ဝေ၍ စာရင်းကောက်ယူခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှုစရိတ် စစ်တမ်းကောက် ယူ ရေးဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးခဲ့ပြီး၊ နေပြည်တော်ကောင်စီပျဉ်းမနား မြို့နယ်တွင် ရှေ့ပြေး စာရင်းစစ်တမ်းတစ်ရပ်ကောက်ယူခဲ့ကြကြောင်း၊ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်နှင့်အလုပ်သမားများ၏ ဆွေးနွေးချက်ရလဒ်များ၊ သုတေသနလုပ်ငန်းများမှ ရရှိလာသည့် ရလဒ်များ၊ အာဆီယံနိုင်ငံများတွင် ကျင့်သုံးနေသည့် အနည်းဆုံးအခကြေးငွေသတ်မှတ်မှုပုံစံများနှင့် ချိန်ထိုးနှိုင်းယှဉ်ပြီး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အနည်းဆုံး အခကြေးငွေအား အတတ်နိုင်ဆုံး မြန်မြန်နှင့်ထိထိရောက်ရောက် ဖြစ်စေရန်အတွက် ဘက်ပေါင်းစုံမှစဉ်းစားပြီး ဆောင်ရွက်ပေးလျက် ရှိကြောင်းပြောကြားသွားပါ သည်။
ဆက်လက်၍ အနည်းဆုံးအခကြေးငွေသတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် စာရင်းစစ်တမ်းကောက်ယူရေးလုပ်ငန်းစီမံချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အစည်းအဝေးသို့တက်ရောက် လာကြသူများမှ ဆောင်ရွက်နေမှုများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။



