လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကျင့်ထုံးကောင်းများကို အားပေး မြှင့်တင်ရန်နှင့် ဘေးကင်း၍ ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင် ဖြစ်ပေါ်လာစေရန် ရည်ရွယ်လျက် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန နှင့် Global Enchanting Education Centre တို့ပူးပေါင်း၍ Road to Safety Seminar အား ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI အစည်းအဝေးခန်းမတွင် ၃၁.၅.၁၄ ရက်နေ့ နံနက်(ဝ၉းဝ၀)နာရီမှ (၁၂းဝ၀)နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်၊ ဒုတိယဝန်ကြီး ဦးထင်အောင်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စက်မှုနှင့်လျှပ်စစ်ဝန်ကြီးဦးဉာဏ်ထွန်းဦး၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်၊ UMFCCI မှ အလုပ်အမှုဆောင်များ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူးများ၊ အလုပ်သမားရေးရာ ဆောင်ရွက်သူများ နှင့် အလုပ်သမား အဖွဲ့အစည်းဝင်များ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာတော့ (၇.၅)% ရှိနေရာက အခု ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှာ (၇.၇၅)% လောက်အထိ တိုးလာနိုင်တယ်လို့ IMF ကခန့်မှန်းထားကြောင်း၊ ဘဏ္ဍာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေကို စနစ်တကျ ဆောင်ရွက် နိုင်လျှင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတွေမှာ လမ်းပွင့်လာနိုင်သလို ၂၀၁၅ ခုနှစ် အရောက်မှာ မြန်မာနိုင်ငံအပါအဝင် ဖြစ်တဲ့ အာဆီယံဒေသရဲ့ စီးပွာေးရး ဝန်းကျင်တည်ဆောက်မှုက အကျိုးအမြတ် တွေပိုမို ခံစားရနိုင်တယ်လို့ IMF က ခန့်မှန်းထားကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ကလည်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို နှစ်စဉ် ၆ % ကျော်ထိန်းထားနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်ခင် အလယ်အလတ် ဝင်ငွေရှိတဲ့ နိုင်ငံတစ်ခုဖြစ်လာနိုင်တယ်လို့ ပြောထားတာ ရှိကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းက ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ကိုယ်တိုင် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာကောင်းတွေအပေါ် အကောင်းမြင် ဟောကိန်း ထုတ်နေကြသည့် အတွက် မြန်မာနိုင်ငံကို ပြည်ပက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI)တွေ ပိုမို ဝင်ရောက်လာနိုင်မယ့် အလားအလာ များရှိနေကြောင်း၊မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုများကို အဆင့်အလိုက် တစ်စိုက်မတ်မတ် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိနေကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်နေတဲ့အတွက်ကြောင့် ဖြစ်ကြောင်း၊ ဒီလို အခြေအနေမျိုးမှာ လူသားအားလုံးအနေဖြင့် စားဝတ်နေရေးအတွက် ကဏ္ဍအသီးသီးမှာ အလုပ်လုပ် နေကြတဲ့နေရာမှာ မတော်တဆထိခိုက်မှု နှင့် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးသည် အဓိက ကျတဲ့အတွက် အလေးပေးဆောင်ရွက်နေသော်လည်း လုပ်ငန်းခွင် မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ဆိုင်ရာရောဂါများ သိသာစွာကျဆင်း လာခြင်း မရှိသေးသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ILO မှ ထုတ်ပြန်ထားသော စာရင်းဇယားများအရ တစ်ကမ္ဘာလုံးမှာ လုပ်ငန်းခွင် မတော်တဆထိခိုက်မှုကြောင့် တစ်နှစ်မှာ အလုပ်သမား(၂)သန်းကျော်ခန့် သေဆုံးလျက်ရှိ နေပြီး မတော်တဆထိခိုက်မှုကြောင့် ဆုံးရှုံးမှုမှာ သက်ဆိုင်ရာ နိုင်ငံများ၏ အမျိုးသားအသားတင်ထုတ် ကုန်တန်ဖိုး GDP ၏ ၄ % မှ ၈% ထိရှိကြောင်း လေ့လာသိရှိရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အမှုကြီး (၁၀)မျိုးအပါအဝင် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းအားလုံးအနက် လုပ်ငန်းခွင်မတော်တဆမှု၊ ပေါ့လျော့မှုနှင့် ဂရုမစိုက်မှုတို့ကြောင့် ဖြစ်ခဲ့သော သေဆုံးဒဏ်ရာရမှုမှာ နှစ်စဉ် ၂၅% ခန့်ရှိကြောင်း၊ ဒီနေရာမှာ တစ်ခုဂရုပြုရမှာက နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စက်မှု ကဏ္ဍ၏ သက်ရောက်မှုဖြစ်သော Industrial Impact တွေကို လစ်လျူရှုပြီး ဆောင်ရွက်လို့ မဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် အလုပ်သမားများအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ကိစ္စတွေကို ချန်ထားဆောင်ရွက်လို့မရကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို အဓိက မောင်းနှင်အားပေးမယ့် လုပ်သားအင်အားထုဟာ စွမ်းဆောင်ရည် ပြည့်ဝနေရန်နှင့် ကျန်းမာကြံ့ခိုင်နေ ရန်လိုကြောင်း၊ ဒီလိုစွမ်းဆောင်ရည် ပြည့်ဝတဲ့ အလုပ်သမားအင်အားထုကို လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်ပြီး သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင်များဖြစ်တဲ့ Safe, Healthy and Decent Workplaces များကသာ မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်ရာမှာ အမြတ်အစွန်းတစ်ခုတည်းကိုသာ မကြည့်ဘဲ လူမှုပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးကို တာဝန်ယူဆောင်ရွက်တဲ့စနစ်ဖြစ်စော Corporate Social Responsible (CSR)ကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်သမားတွေရဲ့ လူမှုဘဝနှင့် ကျန်းမာရေး ကောင်းမွန်ပြီး လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်နိုင်ခြင်းသည် လူ့အဖွဲ့အစည်း တစ်ရပ်အတွက်သာမက သက်ဆိုင်ရာလုပ်ငန်းများ၊ ကုမ္ပဏီများနှင့် အလုပ်ဌာနများအတွက် ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုပါ တိုးတက်စေသလို ဂုဏ်သိက္ခာမြင့်မားမှုကို ပေးစွမ်းနိုင်ကြောင်း အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ Development Program များကို စတင် သတ်မှတ် ဆောင်ရွက်ချိန်မှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို နိုင်ငံတကာမှာ ကျင့်သုံးဆောင်ရွက် နေသလို တင်းကြပ်တဲ့ ဥပဒေနှင့် နည်းဥပဒေများ ချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ဆောင် ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ကိုင်ဆောင်ရွက်ရာမှာ မြန်မာနိုင်ငံအနေဖြင့် နောက်ကျသူရရှိတဲ့ အကျိုးကျေးဇူးဖြစ်သော Late Comers’ Advantages များကို ထိရောက်စွာ အသုံးချပြီး ဒေသတွင်း နှင့် နိုင်ငံတကာ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကျင့်ထုံးကောင်းတွေ၊ အတွေ့အကြုံကောင်းတွေကို အများကြီး ရယူဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ နိဂုံးချုပ် အနေဖြင့် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အလုပ်သမားများအတွက် ပြည့်စုံကောင်းမွန်သော လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ်တစ်ရပ် ပေါ်ထွက်လာစေရန် သက်ဆိုင်သူတွေ အားလုံးက အမျိုးသားရေးစိတ်ဓါတ်နှင့် အပြုသဘော ဆောင်ပြီး လက်တွေ့ကျကျ ဝိုင်းဝန်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါလို့ စေတနာကောင်းဖြင့် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပြခန်းများကိုလှည့်လည် ကြည့်ရှုကာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ အလုပ်ရှင်၊အလုပ်သမား ကိုယ်စားလှယ်တို့နှင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီး Global Enchanting Education Centre ၊ Managing Director ဒေါ်ခင်ဆွေဝင်းကိုမှ Road to Safety Seminar ပြုလုပ်ရခြင်း အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဥက္ကာသိန်းမှ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ယက်မှ ချီးမြှင့်မည့် ASEAN OSHNET Excellence Awards နှင့် Best Practices Awards များ အကြောင်းကိုလည်းကောင်း ၊ Global Enchanting Education Centre ၊ Senior Trainer ဦးအောင်ကိုး၊ စင်္ကာပူနိုင်ငံ Safety @Work Consultancy Pte Ltd ဒါရိုက်တာ Mr.Raj Singh တို့ မှ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်လင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။



