ရန်ကုန် စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ လုပ်သားအင်အား (၂၆၁၀)ဦးဖြင့် လုပ်ကိုင် သည့် Teng Hui (Myanmar) Knitting Co., Ltd (သိုးမွှေးစက်ရုံ)သည် အော်ဒါနည်းပါးမှုကြောင့် ယာယီပိတ်သိမ်းမည့်အပေါ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံသို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၊ အလုပ်သမားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေ ရေးနှင့် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးတို့အတွက် အလုပ်ပြောင်းရွှေ့ လုပ်ကိုင်လိုသော လုပ်သားအင်အား ၂၃၅၅ ဦးကို လိုအပ်သည့် အခြားစက်ရုံများတွင် ပြောင်းရွှေ့ လုပ်ကိုင်နိုင်ရေးအတွက် ကူညီချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အလုပ် သမားများအတွက် အလုပ်သမား ဥပဒေပါ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်အတွက် စည်းကြပ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုများဖြင့် တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာနိုင်ရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ရှိ Apex Plus Garment Co., Ltd အထည်ချုပ်စက်ရုံနှင့် Tri-Win Leather Co.,Ltd အထည်ချုပ်စက်ရုံတို့တွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်၊ အလုပ်သမားများနှင့်တွေ့ဆုံပြီး အလုပ် သမားရေးရာကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ အထည်ချုပ်စက်ရုံ (၂)ရုံမှ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများအား အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များ ပါဝင်သော ရွေ့လျားဆေးကုသယာဉ်နှင့် ရွေ့လျားဆေးကုသရေးအဖွဲ့တို့ဖြင့် အာမခံအလုပ်သမား (၂၁၂၂)ဦးတို့အား လိုအပ်သော ဆေးကုသမှုနှင့် ဆေးဝါးထောက်ပံ့ပေးအပ်မှုများ၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေး မှုများနှင့် ECG ဖြင့် နှလုံး စစ်ဆေးခြင်းများ၊ မျက်စိစစ်ဆေးမှုများကို လုပ်ငန်းခွင်အရောက် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးနေအား ကြည့်ရှုအားပေးခဲ့ပြီး အာမခံအလုပ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့သည်။

