အလုပ်သမားဝန်ကြီးဌာန

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မန္တလေး                                                                                               စက်တင်ဘာ ၆

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ အလုပ်သမား ဆေးရုံကြီး(မန္တလေး)၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် အသစ်တပ်ဆင်ထားသည့် Ultrasound စက်ဖြင့် ဆေးရုံတက်ရောက်နေသော  အာမခံအလုပ်သမားလူနာများအား ရောဂါရှာဖွေပေးနေမှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက Ultrasound စက်သည် အခြေခံကျသည့် ရောဂါရှာဖွေခြင်းဖြစ်သည့် အတွက် စနစ်တကျထိန်းသိမ်းအသုံးပြုရန်၊ အာမခံအလုပ်သမားများအတွက် လိုအပ်နိုင်မည့် ဆေးပစ္စည်းကိရိယာများကို  စနစ်တကျပြုစုပြီး  ရန်ပုံငွေတွင် လျာထားဝယ်ယူနိုင်ရေး၊ စနစ်တကျ ပြုပြင်ထိန်းသိမ်းမှုများကို ဆောင်ရွက်နိုင်ရန် မှာကြားခဲ့ပြီး  ဆေးဝါးသိုလှောင်ရုံနှင့် ဆေးပစ္စည်း ကိရိယာများ ထိန်းသိမ်းထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအတွင်းရှိ ဆေးကုသဆောင်များတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော အာမခံအလုပ်သမားလူနာများနှင့် ကျောက်ကပ်သွေး သန့်စင်ဌာနတွင် ကျောက်ကပ်သွေးသန့်စင်နေသည့် လူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အလှူငွေများ ထောက်ပံ့လှူဒါန်းခဲ့သည်။

ဆက်လက်၍ အဆိုပါဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့အကျိုးအတွက် တာဝန်ထမ်း‌ဆောင်လျက်ရှိသော လူမှုဖူလုံ‌ရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းဖြစ်သည့်အတွက် မွန်မြတ်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ လူမှုဖူလုံ ရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန် အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးများအား ပြတ်လပ်မှုမရှိစေရေး၊ အလေအလွင့်မရှိစေရေး အစဉ်တစိုက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့နယ်နှင့် မိတ္ထီလာမြို့နယ်များရှိ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနလက်အောက်ရှိရုံးများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ကင်မရာမှန်ဘီလူးစက်ရုံ Burst Transmission Co., Ltd သို့သွားရောက်၍ စက်ရုံမှ တာဝန်ရှိသူများ၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆက်ဆံရေး ကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသော လုပ်ငန်းခွင်များဖြစ်ပေါ်စေပြီး အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များကို မှန်မှန်နှင့်ပြည့်ပြည့်ဝဝ ရရှိခံစားစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ လျော့နည်းကျဆင်းစေရေးနှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆောင်ရွက် လျက်ရှိကြောင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအားတိုးတက်စေရန် အလုပ်ရှင်နှင့် အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ထူထောင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအကြား ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုသည် မရှိမဖြစ်လိုအပ်ပြီး တည်ဆဲ အလုပ်သမားဥပဒေများကို လေးစားလိုက်နာနိုင်ရန် လိုအပ်ပါကြောင်း၊ စက်ရုံရှိ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ပြောကြားရန်နှင့် အေးချမ်း သာယာသော လုပ်ငန်းခွင်များဖြစ်စေရေး ဖန်တီးဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အကျုံးဝင်အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် စွမ်းအားပြည့်လုပ်ငန်းလည်ပတ်စေနိုင်ရန် အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန် များပါဝင်သော ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံအရောက် လိုအပ်သော ဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ နှင့် ECG ဖြင့် နှလုံးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြင်ဦးလွင်မြို့ရှိ လူမှုဖူလုံရေး အဖွဲ့၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း(ပြင်ဦးလွင်)သို့ သွားရောက်၍ ဆေးခန်းအဆောက်အဦ ပြင်ဆင် ထိန်းသိမ်းထားရှိမှု၊ ဆေးစတိုတွင် ဆေးဝါးများထိန်းသိမ်းထားရှိမှု၊ ဆေးပစ္စည်းကိရိယာများနှင့်ဆေးဝါး များရရှိသုံးစွဲမှုနှင့် အာမခံအလုပ်သမားလူနာများ ဆေးဝါးပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ထား ရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံမှာကြား၍ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၁၂၇၂၇၆)ဦး ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဆေးရုံကြီး (မန္တလေး)၊   မြို့နယ်လူမှုဖူလုံရေးဆေးခန်း(၆)ခန်း၊ ဌာနကြီးဆေးခန်း(၅)ခန်း၊ စာချုပ်ဆေးခန်း(၆)ခန်းတို့ ဖွင့်လှစ်၍  ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းနှင့် အာမခံအလုပ်သမားများ စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုး ကုန်ကျငွေများအတွက် ဆေးဖိုးပြန်လည်ပေးအမ်းခြင်းဆောင်ရွက်လျက်ရှိရာ ၄/၂၀၂၆ မှ ၈/၂၀၂၆ အထိ ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း  ၁၀၅.၃၃၇ ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။